ပျောက်ဆုံးလေယာဉ်ပုံရိပ် တွေ့ရှိခဲ့ဟု ထိုင်းစစ်တပ် အတည်ပြု မလက္ကာရေလက်ကြားအနီး လေယာဉ်ဟုယူဆနိုင်သော ဂြိုဟ်တု ပုံရိပ်များတွေ့ရှိ
ထိုင်းစစ်တပ်က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက် တစ်ရပ်တွင်
ပျောက်ဆုံးလျက်ရှိသော မလေးရှားလေကြောင်းပိုင် ခရီးသည်တင် လေယာဉ်၏ ပုံရိတ်များကို ရေဒါတွင်
ဖမ်းမိခဲ့သည်ဟု ဖော်ပြ ခဲ့ကြောင်း စကိုင်းသတင်းဌာနက ယနေ့ဖော်ပြသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် လေယာဉ်နှင့်
အဆက်အသွယ်ပြတ်သွားခဲ့သည်ဟု အတည်ပြု ထားသောအချိန်နှင့် နာရီဝက်ခန့် ကွာသောအချိန်တွင် မလက္ကာရေလက်ကြား အနီး၌
မလေးရှား ခရီးသည် တင်လေယာဉ်၏ ပုံရိပ်များကို ဖမ်းမိခဲ့သည်ဟု ဖော်ပြခဲ့ပြီး သတင်းအချက်အလက်
အသေးစိတ် ကိုမူ ဖော်ပြခြင်းမရှိခဲ့ဟု သိရသည်။ မလေးရှား သတင်းစာများနှင့် ထိုင်းသတင်းစာများက
မလေးရှား တာဝန်ရှိသူများသည် ပျောက်ဆုံးနေသော လေယာဉ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်
အချို့ကို ဖုံးကွယ်ထားခြင်းဖြစ်ဖွယ်ရှိပြီး ထိုသို့ဖုံးကွယ်ထားခြင်းကြောင့် လေယာဉ်ကိုရှာဖွေရာ၌
အခက်အခဲ များကြုံတွေ့နေရခြင်းဖြစ်သည်ဟု ဖော်ပြသည်။ မလေးရှားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့်
လေကြောင်း အာဏာပိုင်အဖွဲ့ကမူ ပျောက်ဆုံးလေယာဉ်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို
ဖုံးကွယ် ထားခြင်းမရှိဟု ဖြေရှင်းခဲ့သည်။
ဂြိုဟ်တုမှ ရိုက်ကူးထားသော ကောင်းကင်ဓာတ်ပုံများကို
အသုံးပြုခွင့်ပေးသည့် အင်တာနက် ရှာဖွေရေး ၀က်ဘ်ဆိုက်တစ်ခုဖြစ်သည့် Tomnod ၀က်ဘ်ဆိုက်အသုံးပြုသူ တစ်ဦးသည်
ပျောက်ဆုံးနေ သည့်လေယာဉ်ဟု ယူဆနိုင်သော ပုံရိပ်များကို ရှာဖွေတွေ့ရှိခဲ့ပြီး လူသုံးများသည့်
လူမှုကွန်ရက် ၀က်ဘ်ဆိုက် တစ်ခုဖြစ်သော Reddit ၀က်ဘ်ဆိုက်မှ တစ်ဆင့် ၎င်းရှာဖွေတွေ့ရှိခဲ့သော
ပုံရိပ်များ ကို ဖြန့်ဝေခဲ့သည်ဟု အင်္ဂလန်နေ့စဉ်ထုတ် သတင်းစာ ဒေးလီးမေးလ်က ဖော်ပြသည်။
အဆိုပါ ပုံရိပ်များကို Courtney
Love ဟု အမည်ပေးထားသည့် Tomnod အသုံးပြုသူတစ်ဦးက ရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်သည်။ Courtney
Love သည် အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းရှာဖွေတွေ့ရှိခဲ့သော ပုံရိပ်များကို ကိုယ်ပိုင်ဖေ့စ်ဘုတ်စာမျက်နှာမှ
တစ်ဆင့် ဖြန့်ဝေမှုများလည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ အမျိုးသမီးရှာဖွေတွေ့ရှိခဲ့သော
ပုံရိပ်များသည် ပျောက်ဆုံးနေသည့် မလေးရှားလေကြောင်း ပိုင် လေယာဉ် အမျိုးအစားဖြစ်သော ဘိုရင်း
၇၇၇-၂၀၀ ဟု ယူဆနိုင်သည့် ပုံရိပ်များဖြစ်ကြောင်း၊ မလက္ကာရေလက်ကြား အနီးတွင် အဆိုပါ ပုံရိပ်များကို
တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်သူများထံ ထိုပုံရိပ်များပေးပို့ ပြီးဖြစ်ကြောင်း
ဒေးလီးမေးလ်က ဖော်ပြသည်။
No comments:
Post a Comment