Wednesday, March 26, 2014

MH 370 လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်များ၏ မိသားစု ဝင်များအား လေယာဉ်ပျက်ကျသည့် နေရာသို့ ခေါ်ဆောင် သွားမည်

အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျက်ကျသွားခဲ့သော MH 370 လေယာဉ်ပေါ်တွင် လိုက်ပါသွားခဲ့သည့် ခရီးသည်များ၏ ဆွေမျိုးသားချင်းများကို၎င်းလေယာဉ်ပျက်ကျရာ နေရာသို့ ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း မလေးရှား လေကြောင်းလိုင်းက မတ် ၂၄ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ ဗြိတိန် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Inmarsat ကုမ္ပဏီက ဖမ်းယူရရှိခဲ့သည့် ပုံရိပ်နှင့် အချက်အလက်များ အရ အိန္ဒိယ သမုဒ္ဒရာအတွင်း ပျက်ကျသွားခဲ့သည့် MH 370 လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် ၂၃၉ ဦးလုံး သေဆုံးခဲ့ကြောင်း မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက်က မတ် ၂၄ ရက်တွင် အတည်ပြု ပြောကြား ခဲ့သည်ဟု သိရသည်။
ယင်းကဲ့သို့ ထုတ်ဖော် ပြောကြားချက်များသည် လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ၁၇ ရက်ကြာ စောင့်ဆိုင်းခဲ့ရသည့် မိသားစုဝင်များ၏ စိုးရိမ် ပူပန်မှုကို အဆုံးသတ် စေခဲ့သည်။
ယင်းကဲ့သို့ စုံစမ်း စစ်ဆေးရေး အဖွဲ့များထံမှ စုံစမ်း တွေ့ရှိချက်များကို မလေးရှား လေကြောင်းလိုင်းက လက်ခံ ရရှိပြီးနောက်တွင် ၎င်းလေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်များ၏ မိသားစု ဝင်များကို လေယာဉ် ပျက်ကျရာနေရာသို့ ခေါ်ဆောင်သွားရန် စီစဉ်မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ မိသားစုဝင်များအား ခေါ်ဆောင်သွားမည့် နေရာဒေသကို အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိ သော်လည်း သြစတြေးလျ နိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းဒေသ ပါ့သ်မြို့မှ လေယာဉ်များ၊ သင်္ဘောများဖြင့် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။ MH 370 ခရီးသည် လေယာဉ်သည် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျောက်ဆုံးသွားခဲ့ပြီး ၎င်းလေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည် တစ်ဦး တစ်ယောက်မျှ အသက်ရှင် ကျန်ရစ်ခဲ့ခြင်း မရှိကြောင်း၊ အချက်အလက်များ ပါရှိသည့် ဂြိုဟ်တုမှ ဖမ်းယူ ရရှိသော ပုံရိပ်များကို လွှဲပြောင်း ပေးအပ်ရန် မလေးရှား အာဏာပိုင်များအား တရုတ်နိုင်ငံက မတ် ၂၅ ရက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top