ဗြိတိန်အိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲမှာ မက်အီရွိုင်း ဗိုလ်စွဲ
လီဗာပူမြို့အနီး ဟွေးလိတ်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးတဲ့ ဗြိတိန်အိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲမှာ မြောက်အိုင်ယာလန်နိုင်ငံသား မက်အီရွိုင်းက အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ မက်အီရွိုင်းဟာ ပထမနေ့နဲ့ ဒုတိယနေ့တွေမှာ (၆၆)ချက်စီနဲ့ ဦးဆောင်ခဲ့ပြီး တတိယနေ့မှာ (၆၈)ချက်နဲ့ နောက်ဆုံးနေ့မှာ (၇၁)ချက် ရိုက်ခဲ့ပါတယ်။
ဒါကြောင့် လေးရက်ပေါင်း (၂၇၁)ချက်နဲ့ (၁၇)ချက်လျော့ရိုက်ပြီး ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ မက်အီရွိုင်းအနေနဲ့ အိုးပင်းချန်ပီယံဆုကို ပထမဆုံး ရရှိတာဖြစ်ပြီး မေဂျာပြိုင်ပွဲ တစ်ရပ်မှာတော့ တတိယ အကြိမ်မြောက် ဗိုလ်စွဲတာ ဖြစ်ပါတယ်။ ဒါကြောင့် အသက်(၂၅)နှစ်ရှိ မက်အီရွိုင်းဟာ ဂေါက်သီးသမိုင်းမှာ မေဂျာချန်ပီယံဆု(၃)ဆုရ တတိယ အသက်အငယ်ဆုံး ဂေါက်သီးသမား ဖြစ်ခဲ့ပါတယ်။ ချန်ပီယံဆုရယူအပြီးမှာ မက်အီရွိုင်းက "ဒီပြိုင်ပွဲဟာ ကျွန်တော့်အမေ ပထမဆုံး လိုက်ကြည့်တဲ့ မေဂျာပြိုင်ပွဲပါ။ ဒါကြောင့် ဒီဆုက အမေအတွက်ပါပဲ"လို့ ပြောခဲ့ပါတယ်။ ဒီနှစ်ဗြိတိန်အိုးပင်း ပြိုင်ပွဲရဲ့ ဒုတိယနေရာမှာတော့ အမေရိကန် ဂေါက်သီးသမား ရစ်ကီဖောင်လာနဲ့ စပိန်ဂေါက်သီးသမား ဂါစီယာတို့က စုစုပေါင်း (၂၇၃)ချက်စီနဲ့ ပူးတွဲ ရပ်တည်သွားပါတယ်။ အမေရိကန် ဂေါက်သီးသမား ဂျင်ဖာ့ခ်ကတော့ (၂၇၅)ချက်နဲ့ စတုတ္ထ ရပါတယ်။

No comments:
Post a Comment