အောင်မြင်မှုကိုထိန်းဖို့ " ဇွဲ" က အဓိကဆိုတဲ့ နန်းဆုရတီစိုး
အနုပညာ လောကမှာ သရုပ်ဆောင်ဘက် သာမက ဂီတဘက်
မှာလည်း ပရိသတ် အားပေးမှုကို ရရှိထားသည့် နန်းဆုရတီစိုး က အောင်မြင်
ကျော်ကြားဖို့ ကြိုးစားခဲ့ ပုံနှင့် အောင်မြင် ကျော်ကြားမှုဂုဏ် ကို ရေရှည်
ထိန်းသိမ်းနိုင်ရန် အဓိက လိုအပ်သည့် အချက်ကို ယခုကဲ့သို့ ပြောပြသည်။
အနုပညာ အလုပ်က အောင်မြင်မှုရဖို့
တော်တော်ကြီး ကို မလွယ်ကူတဲ့ ကိစ္စပါ။ ရနေတုန်း မှာလည်း အဲဒီ အောင်မြင်မှုကို
ထိန်းသိမ်းဖို့ ပိုတောင် မလွယ်ဘူး။ ဒါကြောင့်မို့ အနုပညာ အလုပ်လုပ်မယ်
ဆိုရင် ဇွဲရှိရှိနဲ့ ကြိုးစားမယ် ဆိုရင် အချိန်ကောင်း အခွင့်အရေး
ကောင်းတစ်ခု နဲ့ တိုက်ဆိုင်လာရင် အောင်မြင်မှုကို ရရှိလာမှာပါ။ ကိုယ့်ဘက်က
ရိုးရိုးသားသား ကြိုးစားဖို့ လိုတာပေါ့။ အနုပညာ လောကဟာ ထင်တာထက် ပိုပြီး
ရှုပ်ထွေး တယ်။ ကိုယ်တိုင်လည်း အစက ဒီလောက အကြောင်းကို မသိဘူး။ ဝင်လာပြီး
မှပဲ သိ လာတယ်။ နားမလည်နိုင်တာတွေ၊ အထာမကျတာတွေ စလုပ်ခါစ မှာ အများကြီး
ကြုံတွေ့ ရမှာပါ။ အဲဒီတော့ ဒီလောကမှာ အထာကျအောင် နေတတ်ဖို့ ကြိုးစား မှု
မပျက်ဖို့ရယ်၊ စိတ်ဓာတ် မကျဖို့ရယ် လိုအပ်တယ်။ အခက်အခဲ အနှောင့်အယှက်
အတားအဆီး တိုက်ခိုက်တာတွေ ကတော့ နန်းဆု ကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်။
အဲဒီလို အများကြီး ရှိခဲ့ ဖူးတယ်။ အဲဒါကို ကြံ့ကြံ့ခံနိုင်ဖို့ ရှေ့ဆက်တဲ့
နေရာမှာ ဇွဲရှိဖို့က အရေးကြီးဆုံးပါ။
ဘယ်အရာမဆို ကျေနပ်ရောင့်ရဲ တင်းတိမ်တဲ့
စိတ်ရှိတယ်။ ဘုရားပေးသလောက်ပဲ ပေါ့။ ကိုယ်လည်း ကြိုးစားတယ်။
ဘုရားလည်းပေးတဲ့ အတွက် ဒီနေရာလေး ကို နေသားကျ မှုရှိတယ်။ ချို့ယွင်းချက်
အနေနဲ့ တချို့နေရာမှာ ကိုယ်ကြိုးစားပေမယ့် လည်း ကိုယ်ထင်ထား သလောက်
ဖြစ်မလာတာတွေ ရှိတယ်။ တချို့ကျတော့ လည်း ကိုယ်သိပ် မလုပ်ရဘဲနဲ့ သူ့အလိုလို
ဖြစ်သွား တာတွေလည်း ရှိတယ်။ အဲဒါတွေ အားလုံး အနုပညာ သမားတိုင်းကတော့
ကြုံတွေ့ရမှာပါ။ အောင်မြင်မှု၊ အခက် အခဲတွေ ကြုံတွေ့မှု အားလုံးက ကံနဲ့လည်း
ဆိုင်တယ်။ ကံအခြေအနေ၊ ဘုရားပေးတဲ့ အခြေအနေကို အမြဲ ကျေနပ်ရောင့်ရဲနိုင် တဲ့
စိတ်မွေးနိုင်ရင်တော့ အမြဲပျော်ရွှင်တဲ့ ဘဝ တစ်ခုကို ပိုင်ဆိုင်ရ မှာပါ။
အဓိက စိတ်ထားတတ်ဖို့ပါပဲ။
နန်းဆု အနာဂတ်မှာ အလိုချင်ဆုံးဆု ဆိုရင်
ပြည်သူတွေ အားလုံးချစ်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ချင်တယ်။ ကိုယ်လည်း
ပြည်သူတွေကို ပြန်ပြီး အကျိုးပြုပေးနိုင် တဲ့သူ ဖြစ်ချင်တယ်။ မိန်းမကောင်း
တစ်ယောက်အဖြစ် ထာဝရ ဖြစ်ချင်တယ်။ အဓိက က ကိုယ့်ကိုယ်ကိုယ် လည်း
စိတ်ချမ်း သာအောင် ထားနိုင်တယ်။ ကိုယ်နဲ့ ပတ်သက် တဲ့ မိတ်ဆွေ ပရိသတ်
အားလုံးကိုလည်း စိတ်ချမ်း သာအောင် ထားချင်ပါတယ်။

No comments:
Post a Comment