Wednesday, May 7, 2014

ဂျပန်နိုင်ငံက လှူဒါန်းမည့် မီးငြှိမ်းသတ်ယာဉ် ၂၁ စီး မကြာမီ ရောက်ရှိမည်

ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ အသုံးပြုရန်အတွက်  ဂျပန်နိုင်ငံက လှူဒါန်းမည့် မီးငြှိမ်းသတ် ယာဉ် ၂၁ စီးမှာ မကြာမီ ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး၌  ၂ဝဝ၄ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ ၁ဝ နှစ်တာကာလ အတွင်း နှစ်စဉ် မီးလောင်မှု အကြိမ်ပေါင်း ပျမ်းမျှအကြိမ် (၂၃ဝ) ခန့်ဖြစ်ပွားပြီး တန်ဖိုးအားဖြင့် နှစ်စဉ်ပျမ်းမျှ ငွေကျပ် သန်းပေါင်း ၃၉၁၂ တန်ဖိုးခန့် ဆုံးရှုံးခဲ့ရသည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ မီးလောင်မှု အကြိမ်ပေါင်း (၂၃၅) ကြိမ်ဖြစ်ပွားခဲ့ပြီး ခန့်မှန်းတန်ဖိုး ငွေကျပ်  ၃၃၇  သန်း ရှိခဲ့ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ်အတွင်း မီးလောင်မှု အကြိမ်နှင့် ဆုံးရှုံးမှု တန်ဖိုးများ လျော့နည်းစေရန် မီးလောင်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်းများကို လေ့လာဆန်းစစ်ပြီး ကြိုတင် ကာကွယ်မှုများကို စနစ်တကျ စီမံဆောင်ရွက်ကြရန်၊ ပွင့်လင်းရာသီတွင် မီးသတိပြုရေး၊ မီးဘေးကြိုတင် ကာကွယ်ရေးနှင့် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက် မှသာ မီးလောင်မှု အကြိမ်ရေ လျော့နည်းကျဆင်း စေမည်ဖြစ်ကြောင်း တာဝန်ရှိသူတို့က အထူးကြပ်မတ် လျက်ရှိသည်။
ရန်ကုန်တိုင်း ဒေသကြီး၌  နယ်မြေမီးသတ် စခန်း ၆၃ ခု၊ မြို့နယ် မီးသတ်စခန်း ၄၅ ခု၊ ခရိုင် မီးသတ်စခန်း လေးခုတို့ကို  အဆင့်ဆင့် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး  ၄င်းတိုင်းဒေသကြီးတွင် အသုံးပြုမည့်  ဂျပန်နိုင်ငံက လှူဒါန်းသော မီးငြှိမ်းသတ်ယာဉ် ၂၁ စီးသည်လည်း မကြာမီ ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။            

No comments:

Post a Comment

back to top