မုန်တိုင်း ၀င်ရောက်မှု ရာခိုင်နှုန်း(၅၀)ကျော်ဟာ မိုးကြိုကာလမှာ ၀င်ရောက်တက်လို့ သတိပြုသင့် တယ်ဆိုတဲ့ သတင်း
နှစ်ပေါင်း(၁၃၇)နှစ်အတွင်း မြန်မာနိုင်ငံကို ၀င်တဲ့ မုန်တိုင်း(၈၅)လုံးရဲ့ (၅၁)ရာခိုင်နှုန်းဟာ မိုးကြိုကာလမှာ ၀င်ရောက်တာ ဖြစ်တဲ့အတွက် မိုးကြိုကာလဟာ မုန်တိုင်းဝင်နိုင်တဲ့ သဘောရှိတယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောပါတယ်။ မိုးကြိုကာလဟာ ဧပြီ(၁၅)ရက်ကနေ မုတ်သုံဝင်တဲ့ မေလ နောက်ဆုံးပတ် အထိဟာ မုန်တိုင်းနဲ့ ပတ်သက်ရင် ထူးခြားတဲ့ ကာလတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီကာလကို ပထမမုန်တိုင်းရာသီလို့ ခေါ်ပြီး ဒုတိယမုန်တိုင်းရာသီအဖြစ် မိုးလွန်ရာသီဖြစ်ပြီး မိုးကြိုနဲ့ မိုးလွန်ကာလတွေဟာ မြန်မာနိုင်ငံကို မုန်တိုင်းဝင်နိုင်တဲ့ ကာလတွေ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံသားတွေ အနေနဲ့ မုန်တိုင်းနဲ့ ပတ်သက်တဲ့ သတင်းတွေ ထုတ်ပြန်ကြေညာပါက ပေါ့တန်စွာ မနေသင့်ဘဲ ဂရုပြု နားထောင်သင့်တယ်လို့ အကြံပြု ပြောဆိုပါတယ်။ မုန်တိုင်းသတင်း အချက်အလက်နဲ့ ပတ်သက်ပြီး သတ်မှတ်ထားရှိတဲ့ မုန်တိုင်းအမျိုးအစားများ၊ မုန်တိုင်းအင်အား၊ မုန်တိုင်းရဲ့ ခန့်မှန်းလမ်းကြောင်းနဲ့ အချိန်တွေကို ဂရုပြုသိထားသင့်တယ်လို့ ဆက်လက် ပြောဆိုပါတယ်။ ဒါ့အပြင် မုန်တိုင်း ကမ်းကို ၀င်ရောက်လာပါက အန္တရာယ်ပေးနိုင်တဲ့ အခြေအနေတွေကို အထူးဂရုပြု သိထားသင့်တယ်လို့ ဆိုပါတယ်။ မုန်တိုင်းသတင်းများနဲ့ ပတ်သက်ပြီး မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်လေ့ရှိပြီး မြန်မာနိုင်ငံကို အန္တရာယ်ပြုနိုင်တဲ့ မုန်တိုင်းသတင်းနဲ့ အန္တရာယ်မပြုနိုင်တဲ့ မုန်တိုင်းသတင်းတွေကိုလည်း ခွဲခြားသိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ မုန်တိုင်းသတင်းတွေ ထုတ်ပြန်တဲ့အခါမှာ မြန်မာနိုင်ငံကို အန္တရာယ်မပြုနိုင်တဲ့ မုန်တိုင်းသတင်းတွေ အတွက် ခေါင်းစီး “မုန်တိုင်းသတင်း”လို့ အသုံးပြုလေ့ရှိပြီး မြန်မာနိုင်ငံအတွက် အန္တရာယ်ပြုနိုင်တဲ့ မုန်တိုင်းသတင်းတွေကိုတော့ “မုန်တိုင်းသတိပေးချက်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုန်ပြန်လေ့ရှိတာကြောင့် ဂရုပြု နားထောင်သင့်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ယခင်က သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ပညာပေးမှုတွေကို စိတ်ဝင်စားမှု မရှိကြဘဲ (၂၀၀၅)ခုနှစ်မေလမှာ ဖြစ်ပွားခဲ့တဲ့ ဆိုင်ကလုန်းနာဂစ်ပြီး နောက်ပိုင်းမှသာ သဘာဝ ဘေးအန္တရာယ်ကို ပိုမိုဂရုပြုလာကြပြီး ပညာပေး လုပ်ငန်းတွေကိုလည်း စိတ်ဝင်စားလာကြတယ်လို့ သိရကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment