Wednesday, March 19, 2014

ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဆရာဝန်များ အောင်မြင်စွာ ခွဲစိတ်ကုသ ပေးခဲ့သည့် ခြေလေးချောင်းပါကလေးငယ် နေရပ်သို့ ကျန်းမာ စွာပြန်ပြီ

------
ရှမ်းပြည်နယ်မှ ခြေထောက်လေးချောင်းပါ ကလေးငယ်ကို လူကောင်းပကတိဖြစ်အောင် ပြည်တွင်း ဆရာဝန်များအဖွဲ့က ရန်ကင်းကလေးဆေးရုံကြီးတွင် အောင်မြင်စွာ ခွဲစိတ် ကုသမှု ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
အဆင့် ၄ ဆင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး ဒုတိယအဆင့်၌ အချိန် ၁ဝ နာရီကျော် ယူခဲ့ရသော ယင်းခွဲ စိတ်မှုမှာ မြန်မာ့ဆေးပညာ လောက၌ အချိန်အကြာဆုံးနှင့် ပထမဦးဆုံး ခွဲစိတ်မှုတစ်ခုလည်းဖြစ်ပြီး ကလေးငယ်မှာကျန်းမာစွာဖြင့် ဆေးရုံမှဆင်းသွားပြီဟု သိရသည်။
ခွဲစိတ်မှုတွင် ပါဝင်သူ ရန်ကင်းကလေးဆေးရုံ အုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ''ရင်ချင်းဆက် စတာတွေကို ခွဲစိတ်မှု ပြုလုပ်ခဲ့ဖူးပေမယ့် ခြေထောက်အပိုပါတာကို ခွဲစိတ်တာက ဒါပထမဦးဆုံး ပါပဲ''ဟုပြောသည်။

ရှမ်းပြည်နယ် ပင်လုံမြို့နယ်ထဲမှ လွယ်မွတ်ကျေးရွာ တွင် နေထိုင်သည့် တောင်သူမိသားစုမှ မွေးဖွား လာသော အဆိုပါ ကလေးငယ်မှာ မိန်းကလေးဖြစ် ပြီး ခွဲစိတ်မှုကို ပြီးခဲ့သော ၂ဝ၁၃ ခုနှစ် ဇူလိုင်လက ရန်ကင်းဆေးရုံတွင် စတင် ပြုလုပ်ခဲ့သည် ဟု ဆေးရုံမှတ်တမ်းများ အရ သိရသည်။
ရန်ကင်းဆေးရုံသို့ ၂ဝ၁၃ ခုနှစ် မေလထဲတွင် ရောက်လာခဲ့ပြီး ၁၁ လ ကျော်အကြာ တက်ရောက်ခဲ့သူ ယင်းက လေးငယ်၏ ကျန်းမာရေး အခြေအနေ ကို စောင့်ကြည့်၍ စိတ်ချရသည့်အတွက် ၂ဝ၁၄ မတ်လ ထဲတွင် ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ကြောင်း ရန်ကင်းကလေးဆေးရုံ က အတည်ပြု ပြောသည်။ ယင်းကလေးငယ်ကို သုံးလသား
အရွယ်တွင် လွိုင်လင်ခရိုင် ဆေးရုံသို့တင်ခဲ့ပြီး ထိုမှ တောင်ကြီးဆေးရုံသို့ ဆက်တင်ကာပြီးမှ ရန်ကင်းဆေး ရုံ သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ခွဲစိတ်စဉ် ဆေးရုံတွင် ပရိုဂျက်တာဖြင့် တိုက်ရိုက်ပြသပေးခဲ့သည်။ ငွေကြေးကူညီသူ ဧရာဝတီဖောင်ဒေးရှင်း မှ တာဝန်ရှိသူတစ်ဦးက ''ရှမ်းပြည်နယ် အစိုးရအဖွဲ့ကနေပို့လိုက်လို့ သိရတဲ့အတွက် တာဝန် ယူပေး တာပါ''ဟု ပြောသည်။ ယင်းကလေးငယ်ကဲ့သို့ အလားတူ ခြေနှစ်ချောင်းအပိုပါသော ဒိုက်ဦးမှ ကလေးငယ် တစ်ဦး သည်လည်း ရန်ကင်း ဆေးရုံသို့ ထပ်မံရောက်ရှိနေသည်ဟု သိရသည်။
Popular Myanmar News Journal

No comments:

Post a Comment

back to top