ပရိသတ်အတွက်ပုံရိပ်များ ဗီစီဒီကို အကောင်းဆုံးဖြစ်အောင်ရိုက်ကူး
နေတဲ့ ရတနာမိုင်
မိုင်လေး၏ ချစ်ပရိသတ်များ အတွက် ပုံရိပ်များ ဗီစီဒီကို တစ်ပုဒ်နှင့် တစ်ပုဒ် ပုံစံမတူအောင် ကြိုးစား တင်ဆက်ထားပြီး မိခင်ဖြစ်သူ အဆိုတော် မိုင်ကိုယ်တိုင် ပါဝင် ရိုက်ကူး ထားသည့် မလွမ်းပို တေးသီချင်း မှာလည်း ပရိသတ်များ ထူးထူးခြားခြား ရသမျိုးကို ခံစားနိုင်ရန် ရိုက်ကူးထားကြောင်း အဆိုတော် ရတနာမိုင်က ယခုကဲ့သို့ ပြောပြခဲ့ပါသည်။''မိုင်လေး လတ်တလောမှာ သူများတွေရဲ့ ဗီစီဒီ အခွေလေးတွေကို ကူညီရိုက်ပေး ဖြစ်နေသလို မိုင်လေးရဲ့ ပုံရိပ်များ ဗီစီဒီ အတွက်ကိုလည်း ရိုက်ကူးနေပါတယ်။ စီဒီအခွေမှာ ကတည်းက ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်တယ် ဆိုတဲ့ စကားတွေ ပြန်ကြား ရပါတယ်။ အဲဒီလိုပဲ ဗီစီဒီ ကိုလည်း အကောင်းဆုံး မျှော်လင့် နေကြသလို မိုင်လေးရဲ့ ချစ်ပရိသတ် အတွက် ဗီစီဒီကို အကောင်းဆုံး ဖြစ်အောင် ရိုက်ကူးနေပါတယ်။ ဇာတ်လမ်း လေးကိုလည်း ထူးထူးခြားခြားလေး ဖြစ်အောင် ရိုက်ကူး နေပါတယ်။ ပြီးတော့ မေမေကိုယ်တိုင် ပါဝင် သရုပ်ဆောင် ထားတဲ့ မလွမ်းပို ဆိုတဲ့ သီချင်းလေး ကတော့ ပရိသတ် အတွက် ထူးခြားမယ်လို့ ထင်ပါတယ်။
မိုင်လေးရဲ့ ဗီစီဒီ အတွက်ကို အစ်ကိုတွေ၊ အစ်မတွေက အဘက်ဘက်က ဝိုင်းဝန်းကူညီ ပေးကြပါတယ်။ နောက်ထပ် ဗီစီဒီ အခွေထဲမှာ ပရိသတ် အတွက် ထူးထူးခြားခြား ပါဝင်မယ့် သီချင်းလေး ကတော့ အဆိုတော် မိစန္ဒီနဲ့ သင်္ကြန်သီချင်း ဖြစ်တဲ့ မျက်ခွက် ပြောင်သလားကွာ ဆိုတဲ့ သီချင်းလေးကို ထည့်သွင်း ထားပါတယ်။ အဲဒီ အခွေကိုလည်း အကောင်းဆုံးနဲ့ အမြန်ဆုံး ဖြစ်အောင် မိုင်လေးဘက်က ကြိုးစားသွားမှာပါ'' ဟု သူမက ပြောပြခဲ့သည်။ ''မိုင်လေးကတော့ အဆိုတော် အလုပ်အပြင် နောက်ထပ် လုပ်ချင်တဲ့ အလုပ်ကတော့ သရုပ်ဆောင်ပါ။ မိုင်လေး အနေနဲ့ သရုပ်ဆောင် ဘက်ကိုလည်း ဆက်ပြီးတော့ လုပ်သွားချင်တယ်။ သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာ တွေက အများကြီး ရှိသေးတယ်။ တစ်ခါမှ မလုပ်ဘူးတဲ့ ဇာတ်ရုပ် လေးတွေကို ပြောရမယ် ဆိုရင် အရူးပုံစံ စရိုက်၊ ဂျစ်ကန်ကန် ကောင်မလေး တစ်ယောက်ရဲ့ စရိုက်တွေကို ထပ်ပြီး သရုပ်ဆောင်ကြည့်ချင် ပါသေးတယ်။ မိုင်လေးကို အောင်မြင်တဲ့ အဆိုတော် သရုပ်ဆောင်လို့ မသတ်မှတ်နိုင် သေးတဲ့အတွက် ဒီထက် အောင်မြင်အောင်လည်း ဆက်လက်ကြိုးစား သွားမှာပါ။ မိုင်လေးကို အားပေးနေတဲ့ ပရိသတ် အားလုံး ကျန်းမာချမ်းသာ ပါစေလို့ ပြောချင်ပါတယ်'' ဟု သူမက ဆက်လက် ပြောပြခဲ့သည်။

No comments:
Post a Comment