သီယာရီအွန်နရီ ဘောလုံးသမားဘဝမှ အနားယူ
အာဆင်နယ်အသင်း၏
ဂန္ထဝင်အသင်းခေါင်းဆောင်ဟောင်း သီယာရီအွန်နရီသည် ပရော်ဖက်ရှင်နယ်
ဘောလုံးသမားဘဝမှ အပြီးသတ် အနားယူလိုက်ပြီဟု ကြေညာသည်။
အသက်(၃၇)နှစ်ရှိ
ပြင်သစ်တိုက်စစ်မှူးသည် အသင်းဟောင်းအာဆင်နယ်သို့ နည်းပြအဖွဲ့ဝင်
တစ်ဦးအဖြစ် ပြန်လည် ရောက်ရှိ လာမည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း လက်တွေ့တွင်Sky
Sports သတင်းဌာန၏ ဘောလုံးအစီအစဉ်မှူးအဖြစ်သာ တာဝန် ယူရန် အွန်နရီက
ဆုံးဖြတ်ခဲ့သည်။ အွန်နရီသည် အာဆင်နယ်အသင်းတွင် ကစားသမားဘဝ
နှစ်ကြိမ်ဖြတ်သန်းဖူးပြီး စုစုပေါင်း ၂၂၈ ဂိုးထိ သွင်းယူပေးခဲ့သည်။ ၎င်းသည်
အမေရိကန် မေဂျာလိဂ်ကလပ် နယူးယောက် ရက်ဒ်ဘူးလ်တွင် ကစားသမားဘဝကို
အပြီးသတ်ခဲ့ခြင်းဖြစ်သည်။
‘‘ဒီအားကစားနည်းမှာ
နှစ်ပေါင်း ၂၀ လောက် ကျင်လည်ပြီးတဲ့နောက် ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝကနေ
အပြီးတိုင် အနားယူဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ အံ့ဩစရာ ခရီးရှည်တစ်ခု
ဖြတ်သန်းမှုပါ။ ပရိသတ်တွေ၊ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ မိုနာကို၊
ဂျူဗင်တပ်စ်၊ အာဆင်နယ်၊ ဘာစီလိုနာနဲ့ နယူးယောက် ရက်ဒ်ဘူးလ် အသင်းတွေမှာ
ကျွန်တော့်ကို တစ်ဦးချင်း အားပေးကူညီခဲ့သူတွေ၊ ပြီးတော့ လက်ရွေးစင်အသင်းနဲ့
ဆက်နွှယ်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့အားလုံးဟာ ကျွန်တော့်ကစားသမားဘဝကို
ထူးထူးခြားခြား အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်’’ ဟု အွန်နရီက ပြောသည်။
ဆက်လက်၍ ‘‘အခုတော့
ကျွန်တော် ကွဲပြားတဲ့ အလုပ်အကိုင်တစ်ခုကို ရွေးချယ်ဖို့ အချိန်တန်လာပါပြီ။
လန်ဒန်ကို ပြန်သွားပြီး Sky Sports နဲ့ ပူးပေါင်းပါမယ်။ နှစ်ပေါင်းများစွာ သင်ယူ
ဖြတ်သန်းခဲ့တဲ့ ကျွန်တော့်အမြင်၊ အတွေး၊ အတွေ့အကြုံတွေကို ဝေမျှနိုင်ဖို့
မျှော်လင့်ပါတယ်’’ ဟု ၎င်းကပြောကြားသည်။
No comments:
Post a Comment