ပီအာရ်လျှောက်မည့်သူများ နှစ်စဉ်ကြေး ဒေါ်လာတစ်ထောင် သတ်မှတ်
နိုင်ငံရေးခိုလှုံခွင့်ယူထားသူနှင့် ပြည်တွင်း၊ ပြည်ပပြစ်မှု မှတ်တမ်းရှိသည့် မြန်မာနိုင်ငံသား ဟောင်းများကို အမြဲတမ်းနေထိုင် ခွင့်ပေးမည် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကပြောကြားလိုက်သည်။ အမြဲတမ်းနေထိုင်ခွင့်သက်တမ်းကို ငါးနှစ်သတ်မှတ်ထားပြီး လျှောက်ထားခွင့်၏ နှစ်စဉ်ကြေးမှာ ဒေါ်လာ တစ်ထောင်ပေးသွင်းရမည်ဖြစ်သည်။ ငါးနှစ်သက်တမ်း ကုန်ဆုံးပါက သက်တမ်းတိုးခွင့်ရှိမည်ဖြစ်သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူများ၊ ပညာရှင်များ၊ နိုင်ငံသားဟောင်းများနှင့် မြန်မာနိုင်ငံသားနှင့် လက်ထပ်ထား သည့်နိုင်ငံခြားသားများ၊ သွေးနှော ထား သည့် သားသမီးများသည် ငါးနှစ်သက်တမ်းရှိ အမြဲတမ်း နေထိုင်ခွင့် လျှောက်ထားနိုင်မည်ဖြစ်သည်။ အမြဲတမ်း နေထိုင်ခွင့်ကို ယခုလ ၂၉ ရက်မှ စတင်၍ လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်လွှာများနှင့် စည်းကမ်းသတ်မှတ်ချက်များကို လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀က်ဘ်ဆိုက်တွင် ဒီဇင်ဘာ ၅ရက်မှ စတင်ပြီး ၀င်ရောက်ဖတ်ရှုနိုင်မည်ဖြစ်သည်။
အခြားနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခံယူထားသူများ၊နိုင်ငံရေး ခိုလှုံခွင့်ရယူထားသူများ၊ ပြစ်မှုမှတ်တမ်း ရှိသူများ၊ ကျန်းမာရေးမကောင်းမွန်ဘဲ ကူးစက်ရော ဂါခံရသူများ၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို မလိုက်နာသူ၊ အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားရာတွင် လူတွေ့စစ်ဆေးမခံ ယူသည့်သူ၊ အခွန် မထမ်းဆောင် နိုင်သူနှင့် နေထိုင်ခွင့်ဗီဇာမရှိသူ၊ ပြည်ဝင်ခွင့်သုံးနှစ်အထက်မရှိသူများကို အမြဲတမ်း နေထိုင်ခွင့် လျှောက်ထား ခွင့် မရှိသူများဖြစ်သည်ဟု ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment