Wednesday, December 3, 2014

တက္ကသိုလ် အဆင့် ကင်းထောက် (အမျိုးသမီး)များ အဖွဲ့ ဖွဲ့စည်းရန် သင်တန်းများ ပို့ချပေးသွားမည်

မြန်မာနိုင်ငံ၌ ပြန်လည်ဖွဲ့စည်း တည်ထောင်ခွင့် ပြုလိုက်သည့် ကင်းထောက် အဖွဲ့အစည်းများတွင် အမျိုးသမီး ကင်းထောက်များလည်း ပါဝင်လျက်ရှိပြီး လက်ရှိ အချိန်တွင် ပညာရေးဝန်ကြီးဌာန၏ အကူအညီဖြင့် ကင်းထောက် လူငယ် အဖွဲ့အစည်းများ ဖွဲ့စည်း ဆောင်ရွက်လျက် ရှိရာ မကြာမီ တက္ကသိုလ်အဆင့် ကင်းထောက် (အမျိုးသမီး)များ ပေါ်ထွက်လာစေရန် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကင်းထောက် (ယာယီ) အဖွဲ့အစည်း ဒုတိယ ကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ၏ ပြောပြချက် အရ သိရသည်။
ယင်းကဲ့သို့ ဖွဲ့စည်း ဆောင်ရွက်သွားရန် နိုဝင်ဘာ ၃ဝ ရက်တွင် မြန်မာနိုင်ငံ  ကင်းထောက် (ယာယီ)အဖွဲ့ရုံးချုပ်၌ မီဒီယာ တွေ့ဆုံပွဲ ကျင်းပ၍ ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတကာနှင့် ရင်ပေါင် တန်းလုပ်ဆောင်သွားရမည့် အချက်အလက်များကို ရှင်းလင်း ပြောပြခဲ့သည်။ ''ကျွန်မတို့ အနေနဲ့ အခု လက်ရှိ လုပ်ဆောင်နေတဲ့ အခြေခံပညာ အဆင့် ကင်းထောက်လုပ်ငန်းတွေ အပြင် တက္ကသိုလ် အဆင့် ကင်းထောက်တွေ ပေါ်ထွက်လာရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အဲဒီ အတွက် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ လထဲမှာ အခမ်းအနားနဲ့ ကျင်းပနိုင်ဖို့ ခန့်မှန်း ထားပါတယ်။ အခမ်း အနားကို ကမ္ဘာ့ ကင်းထောက် အဖွဲ့ချုပ်က ကိုယ်စားလှယ်အချို့ လာရောက်ပြီး ဖွင့်လှစ်ပေးဖို့လည်း ရှိပါတယ်။ ရက် အတိအကျ မပြောနိုင်သေးဘူး ဆိုတာက ကျောင်းပိတ်ရက်နဲ့ ကိုက်ညီအောင်၊ နောက်ပြီး ကမ္ဘာ့ ကင်းထောက် အဖွဲ့ဘက်က လာနိုင်မယ့် အချိန်ကို ကြည့်ပြီးတော့မှ လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် လက်ရှိမှာတော့ အချိန် အတိအကျ ထုတ်ပြန် မပေးနိုင်သေးပါဘူး'' ဟု ၎င်းက ပြောသည်။ တက္ကသိုလ်အဆင့် ကင်းထောက်များ ဖွဲ့စည်းနိုင်ရန် ဆရာ၊ ဆရာမများကို သင်တန်းများ ပို့ချ ပေးသွားမည် ဖြစ်ကြောင်း၊ စတင် ကျင်းပမည့် အစည်းအဝေးသို့ တက္ကသိုလ် အသီးသီးမှ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင် ကြောင်းနှင့် နောက်ပိုင်းတွင် တက္ကသိုလ် ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား သင်တန်းများ ပြန်လည်ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ အချိန်တွင် ကင်းထောက် အမျိုးသမီး များသည် ရန်ကုန်တိုင်း ဒေသကြီး၌ စုစုပေါင်း ၇ဝဝဝ ကျော်ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လက်ရှိ အချိန်တွင် ကင်းထောက် အမျိုးသမီး နှစ်သောင်းကျော် အထိရှိပြီး ဒီဇင်ဘာလ အတွင်း သုံးသောင်းအထိ ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ကင်းထောက် (ယာယီ)အဖွဲ့မှ မျှော်မှန်း ထားသည်။

No comments:

Post a Comment

back to top