Monday, December 1, 2014

အမြဲတမ်း နေထိုင်ခွင့် ရသော နိုင်ငံခြားသားများသည် မြန်မာနိုင်ငံသား များကဲ့သို့ပင် အခွန် ထမ်းဆောင်ရမည်

မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့် (PR)ကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ တစ်ထောင် ခန့် ပေးသွင်း၍ ဒီဇင်ဘာ ၆ ရက်မှ စတင် လျှောက်ထားနိုင်ပြီဖြစ်ရာ အဆိုပါ အမြဲတမ်း နေထိုင်ခွင့် (PR)ဖြင့် ပြည်တွင်း၌ လာရောက် နေထိုင်သော နိုင်ငံခြားသားများသည် မြန်မာနိုင်ငံသားများ ကဲ့သို့ပင် အခွန် ထမ်းဆောင်ရမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက် အရ သိရသည်။
ပြည်တွင်း၌ ရက်ပေါင်း ၁၈၃ ရက်ထက်မနည်း နေထိုင်သူများကို ပြည်တွင်းနေ နိုင်ငံခြားသား များအဖြစ် သတ်မှတ်ထားပြီး ၎င်းတို့သည် မြန်မာနိုင်ငံသားများ အခွန်ထမ်းဆောင်ရသည့် နှုန်းထားများ အတိုင်း ပေးဆောင်ရမည် ဖြစ်ကြောင်းနှင့် ၁၈၃ ရက်ထက် လျော့နည်း၍ နေထိုင်သူများကို ပြည်ပနေ နိုင်ငံခြားသားများ အဖြစ်သာ သတ်မှတ်သည့် အတွက် အခွန်ပို ထမ်းဆောင် ရကြောင်း သိရသည်။ သို့ဖြစ်၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အတည်ပြု ထုတ်ပြန်ခဲ့သော နည်းဥပဒေ အရ အမြဲတမ်း နေထိုင်ခွင့် (PR) ရရှိသော နိုင်ငံခြားသားများသည် ပြည်တွင်းနေ နိုင်ငံသားများ အတွက် ပြဋ္ဌာန်း ထားသော ဝင်ငွေခွန် ဥပဒေအတိုင်း အခွန် ပေးဆောင်စေခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ အခွန်ထမ်း ဆောင်ရာတွင် ပြည်ထောင်စု အခွန်အကောက် ဥပဒေပါ ဖော်ပြချက် အရ နိုင်ငံသားများနှင့် ပြည်တွင်းနေ နိုင်ငံခြားသားများသည် ၎င်းတို့ဝင်ငွေ၏ သုညရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း အထိ အခွန် ထမ်းဆောင်ကြရပြီး ပြည်ပနေ နိုင်ငံခြားသားများ အဖြစ် သတ်မှတ် ခံရသူများကို ဝင်ငွေ၏ ၃၅ ရာခိုင်နှုန်း အထိ ထမ်းဆောင် စေကြောင်း သိရသည်။ အမြဲတမ်း နေထိုင်ခွင့် ရရှိသူများသည် နိုင်ငံအတွင်း၌ အများဆုံး ငါးနှစ် ကြာသည် အထိ နေထိုင်ခွင့် ရရှိမည်ဖြစ်ပြီး (PR)လျှောက်ထားခ အဖြစ် အသက် ၁၈ နှစ်အထက် နိုင်ငံခြားသား များသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ဝဝဝ၊ မြန်မာနိုင်ငံသားဟောင်း များသည် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၅ဝဝ နှင့် အသက် ၇ နှစ် အထက် ကလေးများကို တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၃ဝဝ ပေးသွင်းရန် သတ်မှတ် ထားကြောင်း သိရသည်။


No comments:

Post a Comment

back to top