လေထု ညစ်ညမ်းမှုကို လျှော့ချနိုင်ရေး ၂ဝ၂ဝ ပြည့်နှစ် အရောက်တွင် ဒီဇယ်ကားအားလုံး ရုပ်သိမ်း နိုင်ရန် ပဲရစ်မြို့တော်ဝန်ဆန္ဒရှိ
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ဝန် အန်နီဟီဒါလ်ဂိုသည် နိုင်ငံအတွင်းရှိ လေထု ညစ်ညမ်းမှုကို တိုက်ဖျက်မည့် စီမံကိန်း၏ တစ်စိတ် တစ်ဒေသ အနေဖြင့်၂ဝ၂ဝ ပြည့်နှစ် အရောက်တွင် ပဲရစ်မြို့ တွင်းရှိ ဒီဇယ်ကား အားလုံးကို ရုပ်သိမ်းနိုင်ရန် ဆန္ဒရှိနေကြောင်း မြို့တော်ဝန်နှင့် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့သည့် de Dimanche ဂျာနယ်၏ ထုတ်ဖော် ပြောကြားချက်အရ သိရသည်။
ပဲရစ်မြို့တော်ဝန် အန်နီဟီဒါလ်ဂိုသည် ဒီဇင်ဘာ ၇ ရက်တွင် de Dimanche ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက်တွင် ပြုလုပ်မည့် မြို့တော်ကောင်စီ အစည်းအဝေးတွင်လည်း သူမ၏ လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး အစီအစဉ်ကို ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ အန်နီဟီဒါလ်ဂို၏ လေထု ညစ်ညမ်းမှု တိုက်ဖျက်ရေး အစီအစဉ်တွင် ပဲရစ်မြို့ လမ်းမများပေါ်၌ ပိတ်ဆို့နေသည့် ကမ္ဘာလှည့် ခရီးသည်တင် ဘတ်စ်ကားများ ကို ကန့်သတ်ခြင်း၊ သတ်မှတ်ထားသည့် လမ်းများမှလွဲ၍ ကုန်တင်ကားများ မြို့အတွင်း၌ ဖြတ်သန်း မောင်းနှင်မှုတို့ကို တားဆီးခြင်း တို့လည်း ပါဝင်ကြောင်း သိရသည်။
ပဲရစ်မြို့သား အားလုံး၏ ၈ဝ ရာခိုင်နှုန်းသည် လေထုညစ်ညမ်းမှု တိုက်ဖျက်ရေးကို ဦးစားပေး လုပ်ဆောင်ရမည့် ကိစ္စတစ်ခု အနေဖြင့် သတ်မှတ်ထားပြီး ပဲရစ်မြို့သား ၈ဝ၄ ဦးခန့်ကို de Dimanche ဂျာနယ်မှ ဆန္ဒခံယူမှုများ ပြုလုပ်ခဲ့ရာတွင် ၎င်းတို့၏ ၅၄ ရာခိုင်နှုန်းသည် ဒီဇယ် ကား ရုပ်သိမ်းမည့် အစီအစဉ်ကို ထောက်ခံမဲ ပေးခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment