Wednesday, December 3, 2014

မာရာဟာလင်ဖလားပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာယူ-၂၀ အသင်းပြင်ဆင်

အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂ဝ၁၅ မာရာဟာလင် ဖလားပြိုင်ပွဲကို ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မည့် မြန်မာယူ-၂ဝ အသင်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
မာရာဟာလင်ဖလားပြိုင်ပွဲကို ဇန်နဝါရီ ၄ ရက် မှ ၁၂ ရက်အထိ ကျင်းပမည် ဖြစ်ပြီး အသင်းပေါင်း ရှစ်သင်းဖြင့် ပြုလုပ်သွားမည် ဖြစ်သည်။ မြန်မာယူ-၂ဝ အသင်းနှင့်အတူ သြစတြေးလျ ကလပ် ပါ့သ်ဂလိုရီအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ကျန်ခြောက်သင်းမှာ အင်ဒိုနီးရှား ကလပ်အသင်းများ ဖြစ်သည်။ မြန်မာယူ-၂ဝ အသင်း၏ နည်းပြချုပ် ဖြစ်သူ ဂျာမန်လူမျိုး ဂတ်ဖရိုင်းဒရစ်မှာ အတွေ့အကြုံကောင်းများ ရရှိစေရန်အတွက် ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ပြင်ဆင်မှုများထဲမှ တစ်ခုလည်းဖြစ်သည်။ မြန်မာယူ-၂ဝ အသင်းသည် ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ပြင်ဆင်မှုများစွာ ပြုလုပ်သွားမည် ဖြစ်ပြီး ပြိုင်ပွဲ မတိုင်မီ ဥရောပ ခြေစမ်းခရီးစဉ်များနှင့် နိုင်ငံတကာ ပြိုင်ပွဲများစွာကို စီစဉ်ထားသည်။
မြန်မာယူ-၂ဝ အသင်းသည် အာရှယူ-၁၉ ပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုများ ခေတ္တရပ်နားထားခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်မှစ၍ ပြန်လည် လေ့ကျင့်လျက်ရှိသည်။ှ လက်ရှိတွင် မြန်မာယူ-၂ဝ အသင်းကို ပဏာမ ကစားသမား ၂၄ ဦးဖြင့် လေ့ကျင့်လျက်ရှိပြီး မာရာဟာလင်ဖလားပြိုင်ပွဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ပထမဆုံးကစားသည့် နိုင်ငံ တကာ ပြိုင်ပွဲလည်းဖြစ်သည်။ မြန်မာလူငယ် အသင်းတွင် နည်းပြချုပ် ဂတ်ဖရိုင်း ဒရစ်၊ လက်ထောက်နည်းပြ ဦးညီညီလတ်၊ ဦးမြကိုမင်း၊ ဂိုး-နည်းပြ ဦးအောင်ကျော်ကျော်၊ ကစားသမားများအဖြစ် ဂိုး-မျိုးမင်းလတ် (ဇေယျာရွှေမြေ)၊ ပြည့်စုံချစ်(ရတနာပုံလူငယ်)၊ ဝေလင်းအောင်(ရန်ကုန်လူငယ်)၊ နောက်တန်း-ထိုက်ထိုက်အောင်(ဧရာဝတီ)၊ သီဟထက်အောင်(ဇေယျာရွှေမြေ)၊ နန်းဝေမင်း(ရန်ကုန်လူငယ်)၊ နိုင်လင်းထွန်း(မနောမြေ)၊ နန္ဒကျော်(မကွေး)၊ ညီညီလွင်(ကမ္ဘောဇ)၊ ရဲရင့်အောင်(မြန်မာဘောလုံး အကယ်ဒမီ)၊ အလယ်တန်း - ငြိမ်းချမ်းအောင်(ရန်ကုန်)၊ ကျော်မင်းဦး(ဧရာဝတီ)၊ ရဲဝင်းလှိုင်၊ စွမ်းထက်အောင်(ရန်ကုန် လူငယ်)၊ ကျော်ဇင်ဦး(နေပြည်တော် လူငယ်)၊ မျိုးကိုထွန်း(ရတနာပုံလူငယ်)၊ ရန်နိုင်ဦး(ဇေယျာရွှေမြေ)၊ မောင်မောင်ဝင်း(မကွေးလူငယ်)၊ မောင်မောင်စိုး(မကွေး)၊ ရှေ့တန်း- အောင်သူ(ရတနာပုံ)၊ သန်းပိုင်(ရန်ကုန်လူငယ်)၊ ဝေယံထိုက်(မြဝတီ လူငယ်)၊ အောင်ကောင်းမာန် (ဧရာဝတီလူငယ်)နှင့် မောင်မောင်လွင် (ဟံသာဝတီ)တို့ ပါဝင်ကြသည်။

No comments:

Post a Comment

back to top