Wednesday, December 10, 2014

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် တည်ထောင်မည်

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ နိုင်ငံခြားခရီးသွား ဧည့်သည်များ ဝင်ရောက်မှု များပြားလာပြီး မြန်မာ့ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက် လာသည်နှင့်အမျှ ဟိုတယ်လုပ်ငန်းများ၊ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက် လာကြသော ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များ အရေအတွက်သည် ပိုမိုများပြားလာရာ ၎င်းတို့ကို အထောက်အပံ့ပေးနိုင်ရန် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ဘဏ်တစ်ခုကို ပြည်တွင်း၌ တည်ထောင် သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း  မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ  တာဝန်ရှိ သူတစ်ဦးက ပြောသည်။
အဆိုပါဘဏ်ကို  တည်ထောင် နိုင်ရန်၊ အရင်းအနှီးနှင့် ငွေကြေး ရန်ပုံငွေများရရှိနိုင်စေရန် လိုအပ်သော ဆောင်ရွက်ချက်များ၊ လုပ်ဆောင်မှု များနှင့်ပတ်သက်၍ နိုင်ငံတော်မှ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ကြောင်း၊ ရှေးဦးစွာ အများနှင့် သက်ဆိုင်သော ကုမ္ပဏီတစ်ခု ဖွဲ့စည်း တည်ထောင်၍ အရင်းအနှီးများ ဖိတ်ခေါ်ခြင်း၊ အစုရှယ်ယာများ ရောင်းချခြင်း၊ ရန်ပုံငွေရှာဖွေရေး အတွက် မြန်မာ့ခရီးသွား လုပ်ငန်းနှင့် ပတ်သက်သော ပြပွဲများကို ပြည်တွင်း၌ ကျင်းပခဲ့သည့် နည်းတူ နိုင်ငံတကာ ခရီးသွား လုပ်ငန်း ပြပွဲများတွင်လည်း ပါဝင်ပြသခြင်း တို့ကို လုပ်ဆောင်ပြီး သက်ဆိုင်ရာမှ အဆင့်ဆင့် ခွင့်ပြုချက် ရယူကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်ကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါဘဏ်မှ ပြည်တွင်းရှိ ဟိုတယ် လုပ်ငန်းရှင်များ၊ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းရှင်များကို လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန် ချေးငွေ များ ထုတ်ပေးခြင်း၊ လုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန် နည်းပညာ အထောက် အပံ့နှင့် အဆက် အသွယ်များ မျှဝေပေးခြင်း တို့ကို ဆောင်ရွက် သွားမည် ဖြစ်သည့်အတွက် နိုင်ငံအတွင်းရှိ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ သာမက အခြားသော ဆက်စပ် လုပ်ငန်းများကိုလည်း များစွာ အထောက်အကူ ဖြစ်စေနိုင်ကြောင်း ပြည် တွင်း ခရီးသွား လုပ်ငန်းရှင် တစ်ဦးက ပြောသည်။     

No comments:

Post a Comment

back to top