မြန်မာယူ-၂၀ အသင်း နိုင်ငံတကာပြိုင်ပွဲများနှင့် ခြေစမ်းပွဲများ ကစားမည်
မြန်မာ့ဘောလုံးသမိုင်းတွင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည့် မြန်မာယူ-၂ဝ အသင်းသည် ၂ဝ၁၅ ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ခြေစွမ်းပိုင်း အဆင့်အတန်းမီစွာ ယှဉ်ပြိုင် နိုင်ရန်အတွက် ပြင်ဆင်မှုများစွာ ပြုလုပ်သွားမည်ဖြစ်သည်။
ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်ချိန် ခြောက်လဝန်းကျင် ရရှိထားသည့် မြန်မာယူ-၂ဝ အသင်းသည် ယင်းကာလအတွင်း ထိရောက်သည့် ပြည်ပလေ့ကျင့်ရေး ခရီးစဉ်များ၊ နိုင်ငံတကာပြိုင်ပွဲများ၊ နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်သည်။ ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် မြန်မာ ယူ-၂ဝ အသင်းသည် နိုဝင်ဘာ တတိယပတ်ကတည်းက ပြန်လည် လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲများ ဆက်တိုက်ကစားလျက်ရှိသည်။ မြန်မာယူ-၂ဝ အသင်းသည် တက္ကသိုလ်လက်ရွေးစင်အသင်းကို ခြောက်ဂိုး-တစ်ဂိုး၊ မကွေးအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ကမ္ဘာဇအသင်းကို နှစ်ဂိုး-တစ်ဂိုးတို့ဖြင့် သုံးပွဲစလုံး အနိုင်ရရှိထားသည်။
မြန်မာယူ-၂ဝ အသင်းသည် ၂ဝ၁၅ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ နိုင်ငံတကာ ပြိုင်ပွဲများ စတင် ကစားမည် ဖြစ်သည်။ ပထမဆုံးပြိုင်ပွဲအဖြစ် ဇန်နဝါရီ ၄ ရက်မှ ၁၂ ရက်အထိ ကျင်းပမည့် မာရာဟာလင်ဖလားပြိုင်ပွဲကို စတင် ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းပြိုင်ပွဲ အပြီးတွင် လေ့ကျင့်ရေးခရီးစဉ်များ စတင်မည်ဖြစ်ပြီး ကာတာ၊ မော်ရိုကို နှင့် ဥရောပနိုင်ငံများသို့ သွားရောက်ကာ လေ့ကျင့်မှုများပြုလုပ်ပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ယင်းခရီးစဉ်များအပြီးတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး ဥရောပလူငယ် ကလပ်အသင်းများကို ဖိတ်ကြား၍ လေးပွင့်ဆိုင် ခြေစမ်းပွဲ ကျင်းပရန် စီစဉ်ထားကြောင်း သိရ သည်။ ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂ဝ၁၅ ခုနှစ် မေ ၃ဝ ရက်မှ ဇွန် ၂ဝ ရက်အထိ နယူးဇီလန်နိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး အသင်း ၂၄ သင်း ဖြင့် ကျင်းပသွားမည် ဖြစ်သည်။
No comments:
Post a Comment