ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်း တောင်တွင်းကြီး မြို့နယ်၌ ပညာရည်ချွန်ဆု ချီးမြှင့်
***********************************************************
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင် ရာ၌ ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်သူ့လွှတ်တော် ဘဏ် များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်းက ဒီဇင်လာ ၇ ရက် နံနက် ၁၀ နာရီတွင် တောင်တွင်းကြီးမြို့ မြို့နယ်ခန်းမ၌ ကျင်းပသော ပညာရည်ချွန်ဆုချီးမြှင့်ပွဲတွင် ဆုများ ချီးမြှင့်သည်။
အဆိုပါ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်း အပါအဝင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မြိုမိမြို့ဖများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်း သားကျောင်းသူများ၊ ကျောင်းသားမိဘများ စုစုပေါင်း ၅၀၀ ခန့်တက်ရောက်ခဲ့ကြသည်။
ဦးအောင်သောင်းအနေဖြင့် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များကို ယခုအကြိမ်အထ ရှစ်ကြိမ်တိုင် အားပေးချီးမြှောက်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်ပေးခြင်းမှာ ၎င်းအနေဖြင့် ယခင်အချိန်က ပညာရေးကဏ္ဍ၌ ဆရာတစ်ဦးအဖြစ် နိုင်ငံ့တာဝန်ထမ်းရွက်ခဲ့သူဖြစ်သည့်အပြင် ပညာရေးကိုအခြေပြုကာ မိမိတို့တိုင်းပြည်၏ နောင်အနာဂတ် တွင် ထွက်ပေါ်လာမည့် နောင်လာနောက်သား မျိုးဆက်သစ်များ၊ လူတော်လူကောင်းများ ထွက်ပေါ်လာစေရန်ဆန္ဒဖြင့် ယခုကဲ့သို့ ဆောင်ရွက်ပေးရခြင်းဖြစ် ကြောင်း၊ အလားတူ မိမိကဲ့သို့ နိုင်ငံတော်အစိုးရအနေဖြင့် လည်း လက်ရှိကာလတွင် ပညာရေးကို များစွာ အားပေးကြိုးစား ဆောင်ရွက်လျက်ရှိပြီး လွှတ်တော်အနေဖြင့် ပညာရေးအသုံးစရိတ်များအတွက် အဆ များစွာ တိုးပေးထားရှိပါကြောင်း၊ ထို့အပြင် ကျောင်းဆောင်သစ်များ တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ ကျောင်း အဆင့်အတန်းများ တိုးမြှင့်ပေးခြင်းနှင့် ဆရာဆရာမများကိုလည်း ထပ်တိုး ခန့်အပ်ချထားပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသည် ပညာရေးကို ထွန်းကားစေချင်သောကြောင့် ဖြစ်ကြောင်း၊ ယနေ့ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကို စတင် ကျင့်သုံးလျက်ရှိရာတွင် ဒီမိုကရေစီဆိုခြင်းမှာ အလွန်သိမ်မွေ့နူးညံ့သော စနစ်တစ်ခုဖြစ်သည့်အတွက် ထိုစနစ်နှင့် လိုက်လျော ညီထွေဖြင့် လူတိုင်းလိုက်ပါနိုင်ရန်မှာ အရည်အချင်း၊ အရည်အသွေးများ အထူးလိုအပ်ကြောင်း၊ ထိုသို့ ဒီမိုကရေစီယဉ်ကျေးမှုနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်မှသာလျှင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်လာသော တိုင်းပြည်တစ်ခု သို့ နိုင်ငံတကာအဆင့်မီ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့အခြေအနေ များဖြစ်ရန်မှာလည်း မြန်မာပြည်သူ တစ်ရပ်လုံး၏ အရည်အသွေး အရည်အချင်းများ ပြည့်စုံရန် လိုအပ်မည်ဖြစ်၍ နောင်အချိန် မြန်မာနိုင်ငံ၏ အနာဂတ် မျိုးဆက်သစ်များ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် စသည် ရည်ရွယ်ချက်များဖြင့် ကျောင်းပညာသင် ကျောင်း သားကျောင်းသူများကို မြှင့်တင်ဆောင်ရွက်ပေး ရခြင်းဖြစ်ကြောင်း၊ သို့မှသာ ဒီမိုကရေစီကျင့်စဉ်များနှင့် ကိုက်ညီစွာ နေထိုင် တတ်လာကြမည်ဖြစ်ပြီး တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်ကြီး အတွက် ဖော်ဆောင်ပေးရာရောက် မည်ဖြစ်ကြောင်း၊ ထိုအတွက် ကျောင်းသား လူငယ်များအတွက် နိုင်ငံတော်အပြင် လွှတ်တော် အခန်းကဏ္ဍတို့မှ အထူးကိစ္စရပ်တစ်ရပ်အဖြစ် ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဆရာဆရာမ များအနေဖြင့်လည်း ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ပေးကြရန် ဦးအောင်သောင်းက အဖွင့်အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ဦးအောင်သောင်းက ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွင်း ငါးဘာသာမှ တစ်ဘာသာဂုဏ်ထူး အထိဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူ များအနက် ငါးဘာသာဂုဏ်ထူးရှင် မောင်သက် ကိုကိုဇော် နှင့် လေးဘာသာ ဂုဏ်ထူးရှင်များဖြစ်ကြသည့် မောင်သက်မောင်မောင်နိုင်၊ မောင်ဖြိုးသက်နိုင်၊ မရွှန်းလဲ့ဇွန်၊ မောင်မင်းသက်နောင်၊ မောင်ကျော်ဘုန်းမြင့်၊ မောင်မောင်မြင့်၊ မစီစီလှိုင်၊ မရွှန်းလဲ့ဝေ၊ မစွမ်းရည်တိုး၊ မောင်ဇင်မိုးထက်၊ မောင် သီဟနိုင်၊ မောင်မင်းမင်းထက်တို့ကို ဂုဏ်ထူးရ ပညာချွန်ဆုများ ချီးမြှင့်ခဲ့သည်။ အလားတူ သုံးဘာသာ၊ နှစ်ဘာသာ၊ တစ်ဘာသာ ဂုဏ်ထူးရှင်များကိုလည်း ဖိတ်ကြားထားသည့် တာဝန်ရှိ ပုဂ္ဂိုလ်အသီးသီးတို့က ချီးမြှင့်ခဲ့ကြသည်။
ယခုနှစ် တောင်တွင်းကြီးမြို့နယ်အတွင်း ဂုဏ်ထူးဖြင့်အောင်မြင်သူ ကျောင်းသားကျောင်းသူများမှ ငါးဘာသာ ဂုဏ်ထူးတစ်ဦး၊ လေးဘာသာ ဂုဏ်ထူး ၁၂ ဦး၊ သုံးဘာသာဂုဏ်ထူး ၁၄ ဦး၊ နှစ်ဘာသာဂုဏ်ထူး ၃၁ ဦးနှင့် တစ်ဘာသာဂုဏ်ထူး ၁၆၇ ဦး တို့ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment