၂၀၁၄ ဘီဘီစီအာဖရိကအကောင်းဆုံး ဘောလုံးသမားဆု ဘရာဟီမီ ရရှိ
ယခုနှစ်အတွက် ဘောလုံးပရိသတ်များက မဲပေးရွေးချယ်မှုဖြင့် ချီးမြှင့်သည့် ဘီဘီစီ တစ်နှစ်တာအကောင်းဆုံး အာဖရိက ဘောလုံးသမားဆုကို ပေါ်တိုအသင်းမှ အယ်လ်ဂျီးရီးယား တောင်ပံလူ ယာစင်ဘရာဟီမီက ရရှိခဲ့သည်။ ပေါ်တူဂီကလပ် ပေါ်တိုတောင်ပံကစားသမားမှာ ထိုဆုကို ပထမဆုံးရဖူးသည့် အယ်လ်ဂျီးရီးယား ကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။
‘‘ဒီလို အံ့ဩစရာဆုကို ရတာဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ ဂုဏ်ပြုခံရမှုပါ။ ကျွန်တော့် နိုင်ငံ အယ်လ်ဂျီးရီးယားနဲ့မဲပေးခဲ့တဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဆုက အာဖရိကတိုက်အတွက်လည်း ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အာဖရိက ဘောလုံးသမားတစ်ဦးကို ရွေးချယ်ချီးမြှင့်တာဖြစ်လို့ အရမ်းကို ပျော်ရွှင်မိပါတယ်’’ ဟု ဘရာဟီမီ (၂၄) နှစ်က ပြောသည်။
ယခုနှစ်အတွက် ဆန်ခါတင်စာရင်းတွင် နိုင်ဂျီးရီးယားမှ အန်ယီမာ၊ ဂါဘွန်မှ အော်ဘမ်မီ ယန်၊ အိုင်ဗရီကို့စ်မှ ဂါဗင်ဟိုနှင့် ယာယာတိုရေးတို့လည်း ပါဝင်ခဲ့ပြီး ဘရာဟီမီက အားလုံးကို ကျော်ဖြတ်ကာ ဆုရခဲ့ခြင်း ဖြစ်သည်။ ဘရာဟီမီသည် အယ်လ်ဂျီး ရီးယားနှင့် ပြီးခဲ့သည့် ကမ္ဘာ့ဖလားတွင် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့ပြီး တောင်ကိုရီးယားနှင့် အုပ်စုပွဲတွင်လည်း ဂိုးသွင်းယူခဲ့သည်။
၎င်းသည် စပိန်ကလပ်ဂရင်းနေဒါတွင် ခြေစွမ်းပြကာ စပိန်အကောင်းဆုံး အာဖရိက ကစားသမားဆု ရပြီးနောက် ယခုနှစ်ပေါ်တို သို့ ရောက်ရှိခဲ့ရာလည်း ၁၅ ပွဲ ကစားကာ ခြောက်ဂိုး သွင်းယူထား သည်။၎င်းသည် လာမည့် ဇန်နဝါရီ ၁၇ ရက်တွင် စတင်မည့် အာဖရိက နိုင်ငံများ ဖလား၌ အယ်လ်ဂျီး ရီးယားလက်ရွေးစင်အသင်းနှင့် ပါဝင်ကစားမည်ဖြစ်သည်။
No comments:
Post a Comment