မန်ချက်စတာဒါဘီ မန်စီးတီးအသင်း အနိုင်ရရှိ
ပရီမီယာလိဂ်ပွဲစဉ် (၁ဝ) တနင်္ဂနွေနေ့ည ယှဉ်ပြိုင်ကစားသည့် မန်ချက်စတာမြို့ခံ ပြိုင်ဘက် နှစ်သင်း တွေ့ဆုံမှုတွင် မန်စီးတီးက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ပထမပိုင်း ပွဲစစချင်း မန်ယူက အချိတ်အဆက်မိမိ ဖိအားပေး ကစားနိုင်ခဲ့ပြီး ၃၉ မိနစ်တွင် မန်ယူ နောက်ခံကစားသမား စမောလင်းက မန်စီးတီး တောင်ပံကစားသမား မီလ်နာကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့၍ နှစ်ဝါတစ်နီဖြင့် ထွက်ခဲ့ရသည်။
မန်ယူနည်းပြ ဗန်ဟားလ်သည် ကစားကွက်ပြောင်းကာ ဂျာနူဇက်နေရာတွင် ဗဟိုခံစစ်ဖြင့် မိုက်ကယ်ကာရစ်ကို ထည့်သွင်း ကစားခဲ့သည်။ မန်စီးတီးက တိုက်စစ်ဖွင့်ပြီး ဖိ ကစားနိုင်သော်လည်း ပထမပိုင်းဂိုးမရရှိဘဲ ပြီးဆုံးခဲ့သည်။
ဒုတိယပိုင်းတွင် မန်ယူအသင်း တန်ပြန်တိုက်စစ်ဖြင့် ခြိမ်းခြောက်နိုင်သော်လည်း ၅၆ မိနစ်တွင် နောက်တန်း အားထားရသော ရိုဂျိုမှာ ဒဏ်ရာရရှိခဲ့သဖြင့် လူငယ်ကစားသမား ပက်ထရစ်ကို အစားထိုးခဲ့ရသည်။ မန်စီးတီးအသင်း ဂိုးကန်သွင်းခွင့်များ ရရှိခဲ့ပြီး မန်ယူဂိုးသမား ဒီဂီယာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၆၃ မိနစ်တွင် မန်စီးတီးမှ ကလစ်ချီ၏ ဖြတ်တင်ဘောကို အဂူရို မနား တမ်းကန်သွင်းခဲ့ပြီး အဖွင့်ဂိုးရယူခဲ့သည်။ ပွဲပြီးချိန်ထိ မန်ယူအသင်း ချေပဂိုးမသွင်းနိုင်ဘဲ တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
မန်ယူအသင်းသည် ယနေ့ပွဲ ရှုံးနိမ့်ခဲ့သည့်အတွက် ယခုရာသီအဝေးကွင်း ငါးပွဲတွင် သုံးပွဲသရေ၊ နှစ်ပွဲရှုံးသည်။ မန်စီးတီးအသင်းက ဒီရာသီ အိမ်ကွင်း ငါးပွဲတွင် သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးသည်။ မန်စီးတီးတို့ ယခုပွဲအပြီး ရမှတ် ၂ဝ ဖြင့် အဆင့် ၃ ၌ ရပ်တည်နေသည်။
No comments:
Post a Comment