Monday, November 3, 2014

Virgin ပုဂ္ဂလိက အာကာသ ခရီးသွားယာဉ် ပေါက်ကွဲမှုကြောင့် ယာဉ်မှူးတစ်ဦး သေဆုံး


အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား သဲကန္တာရ အတွင်း စမ်းသပ် ပျံသန်းလျက် ရှိသော Virgin Galactic ကုမ္ပဏီ၏ Space ShipTwo  လွန်းပျံယာဉ် ပျံသန်း နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားပြီး ယာဉ်မှူး တစ်ဦး သေဆုံးသွား ခဲ့ကြောင်း သိရသည်။
လူသား မောင်းသူဖြင့် စမ်းသပ် မောင်းနှင်နေစဉ် ဆိုးဝါးသော ပုံမမှန်မှု ဖြစ်စဉ် ကြုံတွေ့ကာ ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း Virgin Galactic က ထုတ်ပြန် ပြောကြားသည်။ Virgin Galactic သည် အာကာသသို့ စီးပွားဖြစ် ခရီးစဉ်များ ပြေးဆွဲရန် အတွက် လော့စ်အိန်ဂျလိစ်မြို့ မြောက်ဘက် မိုဂျာဗီ သဲကန္တာရ အတွင်း ဇန်န၀ါရီလ ကတည်းက စမ်းသပ် ပျံသန်းမှုများ လုပ်နေခြင်း ဖြစ်သည်။

ယခု အဖြစ်ဆိုးကြောင့် တုန်လှုပ် ၀မ်းနည်းရ ပါကြောင်း Virgin Galactic ထူထောင်သူ ဆာရစ်ချတ် ဘရန်ဆန်က ပြောသည်။ ယခု အဖြစ်အပျက် ကြောင့် ထိခိုက် ခံစားခဲ့ရ သူများ၏ မိသားစု အားလုံးနှင့် ထပ်တူ ထပ်မျှ ၀မ်းနည်း ကြေကွဲရ ပါကြောင်းဖြင့် မစ္စတာ ဘရန်ဆန်က ပြောကြား လိုက် သည်။ အာကာသကို အောင်နိုင်ဖို့ ကြိုးစားရတာ ခက်ခဲပါတယ်။ ဒါပေမဲ့ တန်ပါတယ်။ က၊ွန်တော်တို့ လက်မလျှော့ဘူး။ ရှေ့ဆက်ပြီး ဆောင်ရွက် သွားမယ် ဟု မစ္စတာ ဘရန်ဆန် က ပြောသည်။
ယာဉ်ပျံ အပျက်အစီး များသည် ကန္တာရ အတွင်း နေရာ အများအပြားသို့ ပြန့်ကျဲ သွားခဲ့ကြောင်း သိရသည်။ Virgin Galactic ယာဉ်ပျံ ပေါက်ကွဲမှု သည် အမေရိကန်တွင် ယခုအပတ်အတွင်း ဒုတိယ အကြိမ်မြောက် ပုဂ္ဂလိက အာကာသ လုပ်ငန်း ထိခိုက် ပျက်စီးမှု ဖြစ်သည်။ အင်္ဂါနေ့ ကပင် နိုင်ငံတကာ အာကာ သစခန်းသို့ ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့မည့် လူလိုက်ပါခြင်း မရှိသော ပုဂ္ဂလိက ဒုံးပျံသည် ပျံတက်ပြီး စက္ကန့်ပိုင်း အတွင်းမှာပင် ပေါက်ကွဲ ပျက်စီးခဲ့ရသည်။

No comments:

Post a Comment

back to top