Wednesday, November 19, 2014

အလှူအတန်း အရက်ရောဆုံး နိုင်ငံများစာရင်း နံပါတ် (၁) နေရာတွင် မြန်မာက အမေရိကန်နှင့် ပူးတွဲရပ်တည်

အမေရိကန်နိုင်ငံ အခြေစိုက် အလှူရှင်များ ဖောင်ဒေးရှင်းက ဦးဆောင်ပြုလုပ်ခဲ့သော သုတေသန တစ်ခု တွင် အလှူအတန်း အရက်ရောဆုံး နိုင်ငံများစာရင်း၌ မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ပူးတွဲရပ် တည်ခဲ့ သည်ဟု သိရသည်။

အဆိုပါ ဖောင်ဒေးရှင်းသည် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်း ၁၃၅  နိုင်ငံရှိ လူတစ်သိန်းသုံးသောင်းကျော်ကို လူမှုရေးကဏ္ဍများတွင် လှူဒါန်းမှု၊ စေတနာ့ဝန်ထမ်း ဆောင်ရွက်မှု၊ အခြားသူများကို ကရုဏာဖြင့် ကူညီမှု များနှင့် ပတ်သတ်သော အကြောင်းအရာများကို မေးမြန်းပြီးနောက် အလှူအတန်း အရက်ရောဆုံးနိုင်ငံများ စာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၅၀ ကျော်ရှိသည့်အနက် ၉၁ ရာခိုင်နှုန်းခန့်သည် လူမှုရေးလုပ်ငန်းများနှင့် အလှူ အတန်းပြုလုပ်မှုများတွင် ပါဝင်နေခြင်း၊ မြန်မာလူမျိုး ၁၀ ဦး  တွင် ကိုးဦးသည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများသို့ ပုံမှန်သွားရောက်၍ လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ခြင်းများ ကြောင့် အလှူအတန်းအရက်ရောဆုံး နိုင်ငံများစာရင်းတွင် နံပါတ် (၁) နေရာကို မြန်မာနိုင်ငံရရှိခဲ့ခြင်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည်လည်း လူမှုအကျိုးပြုလုပ်ငန်းများတွင် ရက်ရောစွာ လှူဒါန်းမှုပြုလုပ်ခြင်း၊ မိမိနှင့် မသိသော လူစိမ်းများကို အကူအညီပေးမှု မြင့်မားခြင်းများကြောင့် အလှူအတန်း အရက်ရောဆုံး နိုင်ငံများစာရင်းတွင် နံပါတ် (၁) နေရာရရခြင်းဖြစ်သည်ဟု အဆိုပါ ဖောင်ဒေးရှင်းက အတည်ပြုထားသည်။
အလှူအတန်းအရက်ရောဆုံး နိုင်ငံများ စာရင်း၏ ထိပ်ဆုံးနိုင်ငံ ၂၀ စာရင်းတွင် စီးပွားရေးအင်အားကြီး နိုင်ငံများအဖြစ် သတ်မှတ်ထားသော ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ ၂၀ ထဲမှ ခြောက်နိုင်ငံသာ ပါဝင်ခဲ့သည်ဟု သိရသည်။

အလှူအတန်းအရက်ရောဆုံး နိုင်ငံများ စာရင်း၏ အောက်ဆုံးနေရာတွင် ရပ်တည်ခဲ့သော နိုင်ငံမှာ ယီမင် နိုင်ငံဖြစ်သည်ဟု ဆိုသည်။ ယီမင်နိုင်ငံတွင် နေထိုင်သူများ၏ ၃ ရာခိုင်နှုန်းသာ ယမန်နှစ်က လူမှုအကျိုးပြု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခု စာရင်းတွင် အောက်ဆုံးနေရာ၌ ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

back to top