Tuesday, September 16, 2014

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အင်္ဂလိပ် ဆရာ၊ ဆရာမများအတွက် အွန်လိုင်းအဝေးသင် ပညာသင် ဆုပေးမည်


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးသည် ပြည်တွင်း၌ စာသင်ကြားနေသော အင်္ဂလိပ်စာ ဆရာ၊ ဆရာမများ အတွက် အွန်လိုင်းမှတစ်ဆင့် သင်ကြားနိုင်မည့် E-Techer စကောလားရှစ် အမည်ရှိ အဝေးသင် ပညာသင်ဆု အစီအစဉ်တစ်ခုကို လာမည့် ၂၀၁၅ ခုနှစ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အင်္ဂလိပ်စာဘာသာရပ်ကို သင်ကြားနေသော ဆရာ၊ ဆရာမများ၏ စာသင်ကြားမှုစွမ်းရည် ပိုမိုမြင့်မားလာစေ ရန်အတွက် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ထုတ်ပြန်ကြေညာချက် တွင် ဖော်ပြထားသည်။
အဆိုပါ E-Techer စကောလားရှစ် အစီအစဉ်သည် ဆယ်ပတ်ကြာမြင့်မည်ဖြစ်ပြီး လျှောက်ထားလိုသည့် ဆရာ၊ ဆရာမများသည် အမေရိကန် တက္ကသိုလ်အဆင့် အင်္ဂလိအပ်စာ အရေးအဖတ် TOEFL အမှတ် ပျမ်းမျှ ၅၂၅ မှတ် ရရှိထားသူဖြစ်ရမည်ဖြစ်သည်။ ကွန်ပျူတာနှင့် အင်တာနက်ကို ကျွမ်းကျင်စွာ အသုံးပြုတတ်သူလည်း ဖြစ်ရမည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အွန်လိုင်းအဝေးသင်ပညာဆု အတွက် ရွေးချယ်ခံရ သူများ အနက်မှ သင်တန်းကာလအတွင်း ထူးချွန်သည့် ဆရာ၊ ဆရာမများသည် အမေရိကန်နိုင်ငံတွင် ရက် သတ္တ ပတ် သုံးပတ်ကြာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်နိုင်မည့် အခွင့်အရေးကို ရရှိမည်ဖြစ်သည်။
E-Techer စကောလားရှစ် အစီအစဉ်ကို လျှောက်ထားလိုသူများသည် www.burma.usembassy.gov ဝက်ဘ်ဆိုက် စာမျက်နှာမှတစ်ဆင့် ဝင်ရောက်လျှောက်ထားနိုင်မည်ဖြစ်ပြီး နောက်ဆုံးလျှောက်ထားနိုင်သည့် ရက်မှာ ဒီဇင်ဘာလ ၃၁ ရက်ဖြစ်သည်။

No comments:

Post a Comment

back to top