မြန်မာနိုင်ငံရှိ ဆွစ်ဇာလန် သံရုံးမှ ကြီးမှူး ကျင်းပမည့် (၂၃) ကြိမ်မြောက် ဥရောပ ရုပ်ရှင်ပွဲတော် (23 rd European Film Festival) ကို ရန်ကုန်မြို့၌ ၁၁ ရက်ကြာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥရောပ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံကြီးတွင် ယခုလ ၂၅ ရက်မှ အောက်တို ဘာ ၅ ရက်အထိ ၁၁ ရက်ကြာ ကျင်းပရန် စီစဉ်ထားပြီး ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ဗြိတိသျှ၊ ဆွစ်ဇာလန် အစ ရှိသော ဥရောပ နိုင်ငံကြီးများ အပါအဝင် နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ အင်္ဂလိပ် စာတန်းထိုး ထားသော ရုပ်ရှင် ဇာတ်ကား ၁ဝ ကားကို ပြသသွားမည် ဖြစ်ကြောင်း၊ ထို ရုပ်ရှင် ဇာတ်ကားများကို ရုပ်ရှင်ပွဲတော် ရက်များအတွင်း တစ်နေ့လျှင် တစ်ကားနှုန်းဖြင့် ညနေ ၃ နာရီခွဲမှ ည ၆ နာရီခွဲ အထိ ပြသသွားရန် စီစဉ်ထားကြောင်းနှင့် မည်သူ မဆို အခမဲ့ ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း ဆွစ်ဇာလန် သံရုံးမှ ထုတ်ပြန် ကြေညာ ထားသည်။ မြန်မာနိုင်ငံတွင် ဥရောပ ရုပ်ရှင်ပွဲတော်များကို နိုင်ငံခြား သံရုံးများမှ နေ၍ အလှည့်ကျ တာဝန်ယူ၍ နှစ်စဉ် ကျင်းပလေ့ ရှိခဲ့ရာ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် စက်တင်ဘာ လတွင် ကျင်းပ ပြုလုပ်ခဲ့သည့် (၂၂) ကြိမ်မြောက် ဥရောပ ရုပ်ရှင် ပွဲတော်ကိုလည်း အဆိုပါ နေပြည်တော် ရုပ်ရှင်ရုံ၌ပင် ၁၁ ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခု ကျင်းပမည့် (၂၃) ကြိမ်မြောက် ဥရောပ ရုပ်ရှင် ပွဲတော်ကိုမူ ဆွစ်ဇာလန် နိုင်ငံမှ ပထမဆုံးအကြိမ် တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါ ရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေး အတွက် ဆွစ်ဇာလန် သံရုံးမှ သံရုံး တာဝန်ခံများနှင့် အတူ မြန်မာနိုင်ငံမှ တာဝန်ရှိသူ များကလည်း ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
No comments:
Post a Comment