Monday, September 29, 2014

ပြည်ခိုင်ဖြိုးပါတီနှင့်ကမ္ဘာ့ရတနာဘဏ်တို့ပူးပေါင်းဖွင့်လှစ်သောBusiness Administration Efficiency Course No.(2) သင်တန်းဖွင့်ပွဲ ကျင်းပ
***********************************************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်နှင့် ကမ္ဘာ့ရတနာဘဏ်တို့ ပူးပေါင်းဖွင့်လှစ်သော Business Administration Efficiency Course No.(2) သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင် ဘာလ (၂၈)ရက်နေ့၊ ညနေ(၅း၃၀) အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်၊ သင်တန်းကျောင်းရှိ ပြည်ထောင်စု ခန်းမဆောင်တွင် ကျင်းပပြုလုပ်ပါသည်။
အထွေအထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း သင်တန်းဖွင့်အမှာစကားပြောကြားစဉ်
 
သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသူများ

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေအထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ စီမံရေးရာဌာနကြီးမှူး ဦးအောင်နိုင်ထွန်းနှင့် ဌာနမှူးများ၊ သင်တန်းကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ရတနာဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်၊ ဒုတိယဦးဆောင်ညွှန် ကြားရေးမှူး ဒေါက်တာလှညွန့်နှင့် သင်တန်းနည်းပြများ၊ တိုင်းနှင့် ပြည်နယ်အသီးသီးမှ သင်တန်းသား/သူ ပါတီကော်မတီဝင်(၂၅)ဦး၊ ကမ္ဘာ့ရတနာဘဏ်မှ သင်တန်း သား/သူ အရာထျမ်း(၃၅)ဦး စုစုပေါင်း သင်တန်းသား/သူ(၆၀)ဦး တို့ တက်ရောက်ကြ ပါသည်။
သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသူများ
အထွေအထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားစဉ်
အခမ်းအနားအစီအစဉ်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းမှ သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်တဲ့ သင်တန်း အမှတ်စဉ်(၂)ဖွင့်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ကမ္ဘာ့ရတနာဘဏ်မှာ တာဝန် ထမ်းဆောင်နေကြတဲ့ အရာထမ်းများရဲ့ စီမံခန့်ခွဲမှု၊ စွမ်းဆောင်ရည် မြှင့်မားစေရန် ရည်ရွယ်ပြီး ဘဏ်လုပ်ငန်း၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဗဟုသုတများ၊ စာရင်းကိုင်ပညာရပ်နှင့် စီမံခန့်ခွဲမှု ပညာရပ် တွေကို ဘာသာရပ်အလိုက် ကျွမ်းကျင်တဲ့နည်းပြတွေက ရက်သတ္တပတ် (၄)ပတ်ကြာ သင်ကြားပို့ချ သွားမှာဖြစ်ပါကြောင်း၊ လက်ရှိမြန်မာနိုင်ငံတော်ရဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေဟာ တစ်နေ့တခြား ဖွံ့ဖြိုးတိုးတက်လာတာကို သင်တန်းသား/သူတွေ သတိပြုမိပါလိမ့်မယ်၊ စီးပွားရေးတိုးတက် လာတာနှင့် အမျှ ဘဏ်လုပ်ငန်းကလည်း လိုက်လျောညီထွေ တိုးတက်ဖွံ့ဖြိုးဖို့ လိုအပ်ပါကြောင်း၊ ဒါမှလည်း စာရင်းရှင်းလင်းမှုနှင့် ငွေကြေးလည်ပတ်မှုတွေဟာ အစဉ်ချောမွေ့နေမှာ ဖြစ်ပါကြောင်း ဒါ့ကြောင့် ဘဏ်တိုင်းဟာ ဘဏ်လုပ်ငန်းရဲ့ကျောရိုးဖြစ်သော Core Banking Software System, Equipment တွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး နဲ့ ခေတ်မှီတဲ့ ဘဏ်စနစ်ကို ကြိုးစားအကောင်အထည် ဖော်နေကြပါကြောင်း၊ ဒီလုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ရာမှာ ဘဏ်တစ်ခုတည်းနှင့် ပြီးပြည့်စုံတာ မဟုတ် ပါကြောင်း၊ စာရင်းရေးသွင်းမှုစနစ်၊ စီမံခန့်ခွဲမှုပုံစံနှင့် စီးပွားရေးလုပ်ငန်း ဗဟုသုတ အတွေ့အကြုံတွေ များစွာလိုအပ်ပါကြောင်း၊ ဒါ့ကြောင့်ဒီသင်တန်းဟာ လိုအပ်တဲ့ နည်းပညာ ဗဟုသုတ တွေ စီမံခန့်ခွဲမှု ပုံတွေကို သင်တန်းသား/သူတွေ လက်တွေ့ဘ၀မှာ အသုံးချနိုင်ဖို့ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ် ပါကြောင်း၊ ထိတွေ့ဆက်ဆံရမည့် Customer တွေ Suppliers တွေ Owners တွေရဲ့ လိုအပ်ချက်တွေ ကို ပြည့်ပြည့်၀၀ ဖြည့်ဆည်းပေးဖို့ လိုပါကြောင်း၊ ဒီလိုပဲ ပြည်ခိုင်ဖြိုးအသင်းဝင်များ အနေဖြင့်လည်း စည်းရုံးရေးဆင်းတဲ့အခါမှာဖြစ်စေ၊ စီမံကိန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာဖြစ်စေ၊ စာရင်းမှတ်တမ်းရေးသွင်းမှုတွေ၊ စီစစ်သုံးသပ်ချက်တွေ၊ စီမံခန့်ခွဲမှုပညာရပ်တွေ၊ လုပ်ငန်း အတွေ့ အကြုံ ဗဟုသုတတွေ လိုအပ်ပါကြောင်း၊ ဒါ့ကြောင့် ဒီလိုသင်တန်းတွေမှာ ပို့ချပေးတဲ့ နည်းပညာ ဗဟုသုတတွေကို အပြန်အလှန် လေ့လာဆွေးနွေး ကျက်မှတ်ဖို့ လိုအပ်ပါကြောင်း စသည် တို့ကို ပြောကြားပြီးနောက် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် စကားပြော ပြီးနောက် တက်ရောက်လာသော ဧည့်သည်တော်များ၊ သင်တန်းသား/သူများနှင့် ညစာ မိတ်ဆုံစားပွဲ ကျင်းပပြုလုပ်ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
အေးကိုကို
သတင်း/မှတ်တမ်းတာဝန်ခံ
ပြည်ခိုင်ဖြိုးပါတီဌာနချုပ်

No comments:

Post a Comment

back to top