Tuesday, September 16, 2014

ရန်ကုန်-ကျိုက်ထို ရထားလမ်းပိုင်း သီတင်းကျွတ် လပြည့်နေ့တွင် ပြေးဆွဲမည်

သဂုတ် ၁ ရက်မှစ၍ ခရီးသည် နည်းပါးခြင်းကြောင့် ပြေးဆွဲမှု ခေတ္တရပ်နားထားသည့် ရန်ကုန်-ကျိုက်ထို အထူး ရထားကို လာမည့် သီတင်းကျွတ် လပြည့်နေ့တွင် ပြန်လည် ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့ မီးရထား  တိုင်းသွားလာရေးဌာနမှ သိရသည်။

''ဒီ ရထားလမ်းပိုင်းကို ဖွင့်လှစ်ပေးထားခြင်းက ကျိုက်ထီးရိုး ဘုရားဖူး တွေအတွက် အဆင် ပြေအောင်လို့ပါ။ ဒါပေမဲ့ ပုံမှန် သွားလာတဲ့ ခရီးသည် မရှိတာကြောင့် ရထားလမ်းပိုင်းကို ခေတ္တ ပိတ်ထား ခဲ့တာပါ။ အခု ပွင့်လင်းရာသီ ပြန်ရောက်လာပြီ ဆိုတော့ ရထားလမ်းပိုင်း ပြန်ဖွင့် ပေးတာပါ။ သီတင်းကျွတ်မှာ ကျိုက်ထီးရိုး ဘုရားဖူး ခရီးသည်တွေက များနိုင်တယ်။ ဒါကြောင့် အဲဒီရက်မှာ ပြန်ဆွဲ ပေးမှာပါ'' ဟု မြန်မာ့မီးရထား ရန်ကုန် ဘူတာကြီး တိုင်းသွားလာရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခု ပြေးဆွဲမည့် ရန်ကုန်-ကျိုက်ထီးရိုး ခရီးစဉ်ကို စက်ခေါင်းပါ ရထားတွဲ ငါးတွဲဖြင့် အထူးရထား ပြေးဆွဲပေးမည် ဖြစ်ပြီး ခရီးသည် ၃ဝဝ ကျော် လိုက်ပါနိုင်ကြောင်း၊ စီးနင်းခ အနေဖြင့် တစ်ဦးလျှင် ငွေကျပ် ၃၅ဝဝ နှုန်း၊ နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန် ဒေါ်လာ  ၁ဝ နှင့် ညီမျှသော  မြန်မာငွေကျပ်ဖြင့် ဝယ်ယူ စီးနင်းနိုင်ကြောင်း သိရသည်။ အဆိုပါ လမ်းပိုင်းကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာက စတင် ပြေးဆွဲခဲ့ပြီး  ယခုအခါ အပတ်စဉ် စနေနှင့် တနင်္ဂနွေ နေ့များတွင် ယခင် အချိန်များအတိုင်း ပြန်လည်၍ ပုံမှန် ပြေးဆွဲပေး သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top