Tuesday, September 30, 2014

ဟန်လင်းပျူမြို့ဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း အဆောက်အအုံများ ဆောက်လုပ် ခြင်း မပြုရန် တားမြစ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ဟန်လင်းပျူမြို့ဟောင်း ယဉ်ကျေးမှုဇုန် အတွင်း၌ တည်းခိုဆောင်များ ဆောက်လုပ်ခြင်း မပြုရန် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ  ဥပဒေအရ တားမြစ် ကန့်သတ် ထားကြောင်း သိရသည်။ အဆိုပါ ဟန်လင်းပျူမြို့ဟောင်းကို  နိုင်ငံတော် အစိုးရ အဖွဲ့မှ ၂ဝဝ၈  ခုနှစ် ဇွန် ၁၃  ရက်တွင် အမိန် ကြော်ငြာစာအမှတ် (၁/၂ဝဝ၈) အရ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသများ  ကာကွယ် ထိန်းသိမ်းရေး  ဥပဒေများ အရ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများ တည်ရှိရာဇုန် (Ancient Monumental Zone)၊ ရှေးဟောင်းနေရာ တည်ရှိရာဇုန် (Ancient Site Zone) နှင့် ကာကွယ် ထိန်းသိမ်းထား သော ဇုန်(Protected  and  Preserved Zone) အဖြစ် ထုတ်ပြန်သတ်မှတ်၍ ကာကွယ် ထိန်းသိမ်း စောင့်ရှောက် လျက် ရှိကြောင်း သိရသည်။

ထိုသို့ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်အတွက် ယဉ်ကျေးမှု အမွေအနှစ် ဒေသများ  ကာကွယ် ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေပုဒ်မ(၄)အရ နိုင်ငံတော် အစိုးရ အဖွဲ့မှ ယဉ်ကျေးမှုဝန်ကြီး ဌာနထံ အပ်နှင်း ထားခဲ့ခြင်းဖြစ်သည်။
ဟန်လင်း ပျူမြို့ဟောင်းသည် မြို့ရိုး ကာရံထားသော ဧရိယာ အကျယ်အဝန်းမှာ ၅၄၁ ဒသမ ၄ ဟက်တာ တည်ရှိပြီး  ရှေးဟောင်း အမွေ အနှစ် များ ပျံ့နှံ့ တည်ရှိနေသော ဆက်စပ်ဧရိယာ အကျယ်အဝန်းမှာ ၂၁၉၈ ဟက်တာဖြစ်သည်။ ဟန်လင်း ပျူမြို့ဟောင်းကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ရန် အတွက် တူးဖော် ဆောင်ရွက်ဆဲ နေရာ အများ အပြား ရှိသည်။
ထို့ကြောင့်  ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ ပျက်ယွင်း ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်ပေါ် စေရန် အတွက် ယဉ်ကျေးမှုဇုန်များ အတွင်း အဆောက် အအုံများ ဆောက်လုပ်ခြင်း မပြုရန် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တားမြစ် ကန့်သတ်ထားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သတိပေး တားမြစ်ချက်ကို လိုက်နာ ဆောင်ရွက်ခြင်း ပျက်ကွက်ခဲ့သူများကို ယဉ်ကျေးမှု အမွေ အနှစ်ဒေသများ ကာကွယ်ထိန်းသိမ်း ရေးဆိုင်ရာ ဥပဒေပုဒ်မ (၂၇) အရ အရေးယူမည် ဖြစ်သည်။
ထိုမျှမက တည်ဆောက်ခဲ့သည့် အဆောက်အအုံများကို ပြန်လည်ဖျက်သိမ်းစေခြင်းနှင့် မြေကို မူလ ပုံသဏ္ဌာန် အတိုင်း ပြန်လည်ပြု လုပ်စေသည်အထိ အရေးယူ သွားမည်ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ အမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။

No comments:

Post a Comment

back to top