စနေဆိုသည့် နာမည်ဖြင့် ထွက်ရှိလာမည့် အဆိုတော် Roll-1 ၏
ရုပ်သေး တေးစီးရီး
အဖြူရောင်သတို့သမီး သီချင်းဖြင့် လူငယ်ပရိသတ်များ၏ ကြားထဲတွင် ရေပန်းစား အောင်မြင် ခဲ့သော အဆိုတော် Roll-1 သည် ယခုအခါ သူ၏တစ်ကိုယ်တော် တေးသီချင်းခွေဖြစ်သည့်ရုပ်သေး သီချင်းခွေကို စနေ ဆိုသည့် နာမည်ဖြင့် ပြောင်းလဲ ထွက်ရှိမည် ဖြစ်ကြောင်း သိရ သည်
အဆိုပါ တေးသီချင်းခွေနှင့် ပတ်သက်၍ ''ဒီအခွေကို ကျွန်တော် တော်တော်ကို အားစိုက် ကြိုးစား ခဲ့ပါတယ်။ ကျွန်တော်က ပိုက်ဆံ မချမ်းသာပါဘူး။ ကျွန်တော့်မိဘတွေ ချမ်းသာကောင်း ချမ်းသာလိမ့်မယ်၊ ကျွန်တော်က ဆင်းရဲပါတယ်။ ဒီလို ပြောပြရတဲ့ အတွက် လည်း ကျွန်တော် မရှက်ပါဘူး။ ပိုက်ဆံမရှိလို့လည်း ကျွန်တော် မကြောက်ပါဘူး။ ကျွန်တော် လုပ်ချင်တဲ့ အလုပ်တစ်ခုကို လုပ်ခွင့်ရတဲ့အတွက် သိပ်ကို ဝမ်းသာပါတယ်။
ကျွန်တော် ဝါသနာပါခဲ့တဲ့ အနုပညာ အတွက် ဒီအခွေလေးကို ဖြစ်အောင် လုပ်ခဲ့တယ်။ ကျွန်တော့်ရဲ့ သီချင်း တစ်ပုဒ်ဖြစ်တဲ့ အဖြူရောင် သတို့သမီး သီချင်းကလည်း ပရိသတ်တွေ ကြားထဲမှာ ပေါက်ခဲ့တဲ့ အတွက် ကျွန်တော် ဝမ်းသာပါတယ်။ ပထမပိုင်းမှာ ကျွန်တော် လူငယ် ပိုင်းတွေ ကြိုက်မယ့် သီချင်းမျိုးတွေ ဆိုခဲ့တယ်။ အခုကျွန်တော့်ရဲ့ တစ်ကိုယ်တော် အခွေလေး မှာတော့ လူငယ်၊ လူလတ်၊လူကြီး အားလုံး ကြိုက်နိုင်မယ့် သီချင်းမျိုး လေးတွေ ပါပါတယ်။
အဲဒီအတွက်လည်း ပရိသတ်တွေက ဝေဖန်လာခဲ့ရင်လည်း ဝေဖန်မှုတွေ အားလုံးကို ကျွန်တော် လက်ခံပါတယ်။ နောက်ထပ်လည်း အခွေတွေ ထပ်ထွက်နိုင်အောင် ကျွန်တော့် အနေနဲ့ကြိုးစား သွားဦး မှာပါ။
ကျွန်တော့်ရဲ့ ပရိသတ်တွေ ကလည်း ဒီအခွေ လေးကို နားထောင်ပြီး ကျွန်တော့်ကို ဝေဖန်မှုတွေ ပေးကြ ပါဦး''ဟု အဆိုတော် Roll-1 က ပြောသည်။ အဆိုတော် Roll-1 သည် ၂ဝ၁၂ ခုနှစ်တွင် သူငယ်ချင်း အဆိုတော် မေဖြူဖြူနှင့် ''Baby Goodnight'' ဆိုသည့် အတွဲ သီချင်းခွေ ထွက်ရှိခဲ့ပြီး ယခုအခါ ထွက်ရှိသည့် တစ်ကိုယ်တော် ရုပ်သေးအခွေသည် သူ၏ ပထမဆုံး တစ်ကိုယ်တော် အခွေဖြစ်ပြီး ထိုအခွေကို အောက်တိုဘာ ၄ ရက်တွင် Audio အဖြစ် Bo Bo Music မှ ဖြန့်ချိ သွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment