မေဂျာ ချန်ပီယံဆုကို တောင်ကိုရီးယားနိုင်ငံသူ ကင်ဟိုဂျို ပထမဆုံး ရယူ
အသက်(၁၉)နှစ်သာ ရှိသေးတဲ့ တောင်ကိုရီးယားနိုင်ငံသူ ကင်ဟိုဂျိုဟာ အီဗီယန်ချန်ပီယံရှစ် ဂေါက်သီးရိုက်ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး မေဂျာချန်ပီယံဆုကို ပထမဆုံး အကြိမ် ရယူသွားပါတယ်။
အီဗီယန်ချန်ပီယံရှစ် အမျိုးသမီး ဂေါက်သီးရိုက် ပြိုင်ပွဲကို ပြင်သစ်နိုင်ငံ အီဗီယန်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးပါတယ်။ အဲဒီ ပြိုင်ပွဲမှာ ကင်ဟိုဂျိုက (၆၁၊၇၂၊၇၂၊၆၈)ချက်နဲ့ လေးရက်ပေါင်း (၂၇၃)ချက် ရိုက်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ သတ်မှတ် ရိုက်ချက် ထက် စုစုပေါင်း (၁၁)ချက်လျော့နဲ့ ပထမဆုကြေး ယူရို(၃)သိန်းခွဲကို ရရှိသွားပါတယ်။ ဒါ့အပြင် ကင်ဟိုဂျိုဟာ ချန်ပီယံဆု ရတဲ့နေ့ မှာ အသက်(၁၉)နှစ်နဲ့ (၆၂)ရက်သာ ရှိသေးလို့ LPGAတိုး ပြိုင်ပွဲသမိုင်းမှာ တတိယ အသက် အငယ်ဆုံး ချန်ပီယံ ဖြစ်ခဲ့ပါ တယ်။ ပထမ အသက်အငယ်ဆုံး ချန်ပီယံက အမေရိကန်နိုင်ငံသူ မော်ဂန်ပရက်ဆယ်ဖြစ်ပြီး (၂၀၀၇)ခုနှစ်က သူ့အသက် (၁၈)နှစ် နဲ့ (၃၁၃) ရက်မှာ နာဘစ်ကို ချန်ပီယံဆုကို ရခဲ့ပါတယ်။ ဒုတိယ အသက်အငယ်ဆုံး ချန်ပီယံက အမေရိကန်နိုင်ငံသူ လက်ဇီသွန် ဆင်ဖြစ်ပြီး (၂၀၁၄)ခုနှစ်က သူ့အသက် (၁၉)နှစ်နဲ့(၅၅)ရက်မှာ နာဘစ်ကို ချန်ပီယံဆုကိုပဲ ရခဲ့ပါတယ်။ အခုအီဗီယံ ချန်ပီယံရှစ်မှာ ကင်ဟိုဂျိုကို ရိုက်ချက်တစ်ချက်တည်းနဲ့ ကပ်ရှုံးပြီး ဒုတိယ ရတာက အသက်(၃၉)နှစ်ရှိ သြစတြေးလျနိုင်ငံသူ ကာရီဝက် ဖြစ်ပါ တယ်။ သူကမေဂျာ ချန်ပီယံဆုကို (၇)ကြိမ်ရထားပြီး ဒီပြိုင်ပွဲမှာ စုစုပေါင်း(၂၇၄)ချက်နဲ့ (၁၀)ချက်လျော့ ရိုက်ခဲ့ပါတယ်။
No comments:
Post a Comment