Tuesday, September 16, 2014

ဆန်မာရီနို ဂရင်းပရီ MotoGPပြိုင်ပွဲမှာ အီတလီသား ရော့စီ အနိုင်ရ



၂၀၁၄ဂရင်းပရီ ဆိုင်ကယ်စီးပြိုင်ပွဲတွေထဲက တစ်ပွဲဖြစ်တဲ့ ဆန်မာရီနို ဂရင်းပရီပြိုင်ပွဲကို တနင်္ဂနွေနေ့က ကျင်းပရာမှာ ယာမာဟာ အသင်းသား ဗလန်တီနိုရော့စီက အနိုင်ရ ဗိုလ်စွဲသွားပါတယ်။အသက်(၃၅)နှစ် ရှိပြီဖြစ်တဲ့ အီတလီနိုင်ငံသား ရော့စီဟာ ကမ္ဘာ့ ချန်ပီယံဆုကို (၉)ကြိမ် ရရှိထားသူဖြစ်ပြီး အခုနိုင်ပွဲဟာ (၁၅)လအတွင်း ပထမဆုံးအကြိမ် ချန်ပီယံဆု ရရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာ့ချန်ပီယံ စပိန်သား မတ်မားကွက်ဇ်ကတော့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် အဆင့်(၁၅) နေရာနဲ့သာ ပန်းဝင် နိုင်ခဲ့ပါတယ်။ ရော့စီဟာ(၄၄)မိနစ်၊(၁၄ဒသမ၅၈၆)စက္ကန့်နဲ့ ဦးဆောင် ပန်းဝင်နိုင်ခဲ့တာဖြစ်ပြီး အသင်း ဖော် စပိန်နိုင်ငံသား လော်ရန်ဇိုက (၁ဒသမ၅၇၈)စက္ကန့် အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ မားကွက်ဇ်ရဲ့ အသင်းဖော် ဟွန်ဒါအသင်းသား တစ်ဦးဖြစ်တဲ့ ပက်ဒရိုဆာက (၄ဒသမ၂၇၆)စက္ကန့် အကွာနဲ့ တတိယ နေရာက ပန်းဝင်နိုင်ခဲ့ပါတယ်။ မားကွက်ဇ်ဟာ ဒီပြိုင်ပွဲမှာ အောင်မြင်မှု မရခဲ့ပေမယ့် ကမ္ဘာချန်ပီယံဆုအတွက် အမှတ်ရရှိမှုမှာတော့ (၂၈၉)မှတ်နဲ့ ဦးဆောင် နေပါတယ်။ သူ့အသင်းဖော် ပက်ဒရိုဆာက(၂၁၅)မှတ်နဲ့ ဒုတိယနေရာမှာရှိလို့ မားကွစ်က (၇၄)မှတ်အသာနဲ့ ထိပ်ဆုံးက ဦးဆောင်နိုင် နေပါတယ်။ Moto2ပြိုင်ပွဲ မှာတော့ ကာလက်စ်အသင်းက စပိန်နိုင်ငံသား အီစတီဗီရာဘတ်က (၄၂)မိနစ်၊(၄၈ဒသမ၇၂၄)စက္ကန့်နဲ့ ပထမရခဲ့ပြီး အသင်းဖော် ဖင်လန်နိုင်ငံသား မီကာကယ်လီ လိုက ဒုတိယ ရခဲ့ပါတယ်။ Moto3ပြိုင်ပွဲမှာတော့ ဟွန်ဒါအသင်းက စပိန်နိုင်ငံသားတွေဖြစ်တဲ့ အဲလက်စ်ရင်းစ်နဲ့ အဲလက်စ် မားကွက်ဇ်တို့က ပထမနဲ့ ဒုတိယဆုကို အသီးသီး ရယူနိုင်ခဲ့ပါတယ်။

No comments:

Post a Comment

back to top