ရိုက်ရပြီးရောဆိုပြီးလာသမျှဇာတ်တိုင်းကိုလက်ခံပြီး မရိုက်တော့ပဲ ကိုယ်နဲ့လိုက်မယ့် ပရိသတ်အတွက် ကျန်မယ့်ဇာတ်ကိုသာ လက်ခံဖြစ်တော့တဲ့ သူထူးစံ
သဘာဝမင်းသားလို့ အားလုံးသတ်မှတ်ထားကြတဲ့ သူထူးစံဟာ ခုနောက်ပိုင်း
ဇာတ်ကားတွေကို ပုံမှန်လေး ရိုက်ကူးရင်း သူဝါသနာပါတဲ့ အနုပညာကို မနားတမ်း
ပုံဖော်နေတာမို့ သူနဲ့ အကျွတ်အလွတ် ရိုက်ကွင်း ပေါ်မှာ တွေ့ဆုံခိုက်
လက်ရှိအနုပညာလှုပ်ရှားမှုတွေကို မေးမြန်းကြည့်လိုက်တဲ့အခါ “အခုရိုက်နေတာက
အကျွတ်အလွတ် လို့ဆိုတဲ့ သရဲကား ရိုက်နေပါတယ်။ မင်းသမီးက ခွန်းဆင့်နေခြည်။
ဒါရိုက်တာ မောင်မောင်မြင့်လွင်ပါ။ ဒီကားလေးထဲမှာ အစ်ကို သရုပ်ဆောင်ရတဲ့
ကာရိုက်တာကတော့ အစ်ကိုက နေ့တိုင်းသင်္ချိုင်းမှာ ပုံမှန်
အစာလာကျွေးကျွေးနေရတဲ့ သူ တစ်ယောက်ပေါ့။ လူတွေရဲ့အမြင်မှာ အစ်ကို့ကို
အရူးတစ်ယောက်လိုပဲ မြင်ကြတာပေါ့။ အစ်ကိုက ဘယ်သူတွေ ဘယ်လိုပြောပြော
နားထဲမဝင်၊ စိတ်မဝင်စားတဲ့ သူတစ်ယောက်ပေါ့။ ဒီကားလေးအတွက်
ကြိုတင်ပြင်ဆင်မှုကတော့ အစ်ကို့အတွက်က သရဲကားတွေ ရိုက်နေရတာများတော့ ဒါတွေက
ရိုးနေပါပြီ။ အထူးအထွေ သိပ်ပြီး ပြင်ဆင်ရတာမျိုးတော့ မရှိပါဘူး။ ဒီကားက
သရဲကား ဆိုပေမယ့် ဝိဥာဉ်ကားလို့ ပြောရမှာပေါ့။” လို့ သူက ရှင်းပြပါတယ်။
ခုနောက်ပိုင်း မင်းသမီး ခွန်းဆင့်နေခြည်နဲ့ ဇာတ်ကားတွေမှာ
ပိုအတွဲများရတာကိုလည်း သူက “ ကျွန်တော်က ခွန်းဆင့်နဲ့
သက်တူရွယ်တူချင်းဆိုတော့ သူကလည်း ကျွန်တော်နဲ့ရိုက်ရတာ ပိုအဆင်ပြေတယ်လို့
ပြောပါတယ်။ ကျွန်တော်ကလည်း သူနဲ့တော်တော်များများ အရင်ကတည်း က ဇာတ်ကားတွေ
ရိုက်လာခဲ့ဖုးတာဆိုတော့ ဘာပဲ ပြောပြော အဆင်ပြေတယ်လေ။ အဲဒါကြောင့်လည်း
ရိုက်ဖြစ်တာပါ”တဲ့။
မီဒီယာနဲ့ကင်းကွာမှုတွေရှိနေသလို စာမျက်နှာပေါ်မှာ တွေ့ရနည်းလာတဲ့ သူထူးစံက
အဲ့ဒါနဲ့ ပတ်သက်ပြီး “ဒီလိုပါပဲ ကိုယ့်စိတ်ကိုကဘယ်သူနဲ့မှ
ပြောဆိုဆက်ဆံတာမျိုးတွေ သိပ်မလုပ်ချင်တော့တာပါ။ ရိုက်ကွင်းပေါ်မှာ
ဆိုရင်တောင် ကိုယ်လုပ်စရာရှိတဲ့ကိုယ့်အလုပ်ကိုပဲ လုပ်ပြီးနေတတ်တယ်။
ပြင်ဆင်စရာရှိတာ ပြင်ဆင်တယ်။ ဒီလိုပဲနေတတ်တော့တယ်။ အခုနောက်ပိုင်း
ဇာတ်ကားတစ်ကားရိုက်ဖို့ ကမ်းလှမ်းလာတိုင်း အစ်ကို လက်မခံဘူး။ အစ်ကိုတို့
အနေအထားနဲ့ လိုက်မယ့်၊ ကာရိုက်တာနဲ့ အစ်ကိုကိုယ်တိုင် သဘောကျတဲ့
ဇာတ်ပုံစံတွေကိုပဲ လက်ခံပြီး ရိုက်ဖြစ်ပါတယ်။ ရိုက်ရပြီးရောဆိုပြီး
လာသမျှဇာတ်တိုင်းကို လက်ခံပြီး မရိုက်ပါဘူး။ ပရိသတ်က ကိုယ့်ရဲ့ဇာတ်ကားတွေ
ကြည့်တိုင်းမှာ တစ်ခုခုကျန်နေခဲ့ရတာမျိုးပဲ ဖြစ်စေချင်လို့
သေချာရွေးချယ်ပြီးရိုက်ပါတယ်”လို့ သူက ဆိုပါတယ်။
No comments:
Post a Comment