Wednesday, September 24, 2014

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဒဏ်ကြေး ၅ဝ ရာခိုင်နှုန်း ကောက်ခံ


လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ဒဏ်ကြေးအဖြစ် ၅ဝ ရာခိုင်နှုန်း သတ်မှတ်၍ ကောက်ခံခြင်းကို ဖြေလျှော့ပေးရန် အစီအစဉ် မရှိကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချန်မောင်က ပြောသည်။

အဆိုပါ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ဒဏ်ကြေး ၅ဝ ရာခိုင်နှုန်း သတ်မှတ် ကောက်ခံခြင်းသည် သင့်လျော်သော ဖြေလျှော့မှု ပေးထားခြင်း ဖြစ်ပြီး ဒေသပေါက်ဈေး၏ ၅ဝ ရာခိုင်နှုန်း သို့မဟုတ် ၎င်း၏ တန်ဖိုးထက် မနည်းသော ဒဏ်ကြေးကို သက်ဆိုင်ရာ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်၍ ကောက်ခံသွားမည် ဖြစ်သည်။
ထို့ကြောင့် သတ်မှတ်ထားသော ဒဏ်ကြေးကို ပေးသွင်းလျှင် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေး ညွှန် ကြားမှု ဦးစီးဌာနမှ မှတ်ပုံတင် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် များသည် သတ်မှတ်ထားသော ဒဏ်ကြေးကို ပေးသွင်းခြင်း မပြုလျှင် သိမ်းဆည်း ထားသော မော်တော်ဆိုင်ကယ်သည် အန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်သော အခြေအနေရှိပါက အိတ်ဖွင့် လေလံ စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
၁၉၉၉ ခုနှစ်မှ စတင်၍ ၂ဝ၁၄ ခုနှစ် ဇူလိုင်လအထိ မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များကို One Stop Serviceနှင့် စုစုပေါင်း ကိုးကြိမ် မှတ်ပုံတင် ဆောင်ရွက်ခဲ့ပြီး ဖြစ်သောကြောင့် ထပ်မံ၍ One Stop Service စီမံချက်နှင့် ဆောင်ရွက်ပေးခြင်း မပြုတော့ဘဲ လိုင်စင်မဲ့ မောင်းနှင်သော မော်တော်ဆိုင်ကယ်များအား အရေးယူ ဆောင်ရွက်ခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များမှ တိုက်ရိုက် တာဝန်ယူ ကြီးကြပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top