Tuesday, September 16, 2014

စင်ကာပူ ဖျော်ဖြေပွဲမှာ စင်ပေါ်ကပြုတ်ကျပြီး ဆေးရုံ ရောက်သွား တဲ့ လီဆန်းဟွန်

K-Pop အဖွဲ့တစ်ခုဖြစ်သည့် Winner မှ အဖွဲ့ဝင် လီဆောင်ဟွန်းသည် စင်ကာပူ နိုင်ငံတွင် ဖျော်ဖြေပွဲ ပြုလုပ်နေစဉ် စင်ပေါ်မှ ပြုတ်ကျသဖြင့် ဆေးရုံသို့ တင်ပို့ကာ စစ်ဆေးမှု ခံယူခဲ့ရကြောင်း သတင်းရရှိသည်။ စက်တင်ဘာ (၁၄)ရက်ညက စင်ကာပူတွင် ပြုလုပ်သည့် YG Family ဖျော်ဖြေပွဲတွင် အသက်(၂၂)နှစ်အရွယ် လီအနေဖြင့် အဖွဲ့ဝင်များနှင့်အတူ ဖျော်ဖြေနေရင်း ခြေလှမ်းမှားကာ စင်ပေါ်မှ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။ ဖျော်ဖြေပွဲ အပြီးတွင် လီကို ဆေးရုံသို့ ခေါ်ဆောင်ကာ စစ်ဆေးမှု ခံယူစေခဲ့သည့်နောက် အခြေအနေ ကောင်းမွန်သည့်အတွက် ဆေးရုံမှ ပြန်ဆင်းရန် ခွင့်ပြုခဲ့သည်။
စင်ကာပူ မိုးလုံလေလုံ အားကစားရုံတွင် ပြုလုပ်သော ဖျော်ဖြေပွဲတွင် PSY၊ Big Bang၊ 2NE1 နှင့် Epik High အဖွဲ့များလည်း ပါဝင် ဖျော်ဖြေခဲ့သည်။ လီသည် ဖျော်ဖြေပွဲ အဆုံးသတ်ချိန်တွင် အခြားသော အဆိုတော်များနှင့် ပြန်လည် ပေါင်းစည်းဖြစ်ခဲ့ပြီး ထို့နောက်တွင်မူ ဆေးရုံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ “ဖျော်ဖြေပွဲ ပြီးပြီးချင်း သူ့ကို ဆေးရုံပို့ပြီး ကုသမှု ခံယူစေပါတယ်။ ဒါပေမဲ့ စစ်ဆေးမှုတွေအရ ဘာမှ ဆိုးဆိုးရွားရွား ထိခိုက်မထားပါဘူး။ အခုလောလောဆယ် ဆေးရုံကနေ လီဆောင်ဟွန်း ပြန်ဆင်းသွားပြီး အနားယူနေပါတယ်”ဟု ဖျော်ဖြေပွဲ စီစဉ်သည့် One Production က ကြေညာသည်။ ထို့အပြင် “YG Family၊ Live Nationနဲ့ One Production တို့ အနေနဲ့ ဖျော်ဖြေပွဲ အတောအတွင်း ဒဏ်ရာရသွားချိန်မှာ လီဆောင်ဟွန်းအတွက် အလေးအနက် စိုးရိမ်ပေးကြတဲ့ ပရိသတ်တွေကို အထူးကျေးဇူးတင်ပါတယ်။ လီဆောင်ဟွန်းက အခြေအနေ ကောင်းမွန်ပြီး ကျန်းကျန်းမာမာပဲဆိုတာ ပရိသတ်တွေကို အတည်ပြု အသိပေးလိုပါတယ်”ဟုလည်း One Productionက ဆက်လက် ဖော်ပြခဲ့သည်။

No comments:

Post a Comment

back to top