Monday, September 29, 2014

Smart Card အတု ပြုလုပ် သော အေဂျင်စီ များကို အရေး ယူမည်


မြန်မာနိုင်ငံအတွင်း အလုပ်သမား  Smart Card များ အတုပြုလုပ်မှုရှိသော လိုင်စင်ရ ပြည်ပ အလုပ်အကိုင် အေဂျင်စီများကို  စစ်ဆေးပြီး  အရေးယူသွားမည်ဖြစ် ကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီအဖွဲ့ချုပ်မှ အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ စစ်ဆေးခြင်းများကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန နှင့်ပူးပေါင်းကာ လုပ်ဆောင်နေခြင်းဖြစ်ပြီး မကြာသေးမီက ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့သည် မလေးရှားနိုင်ငံသို့ အလုပ်သမားများ ပို့ဆောင်ရာတွင် Smart Card အတုပြုလုပ်ခြင်းများ ရှိနေသည့်အတွက် မလေးရှားသံရုံးတို့  ပူးပေါင်းဖော်ထုတ်ခဲ့သည်။ အဓိကအားဖြင့် မလေးရှားနိုင်ငံသို့ အလုပ် သမားများ ပို့ဆောင်ရာတွင် ပြည်ပ အလုပ်အကိုင် အေဂျင်စီအချို့မှ Smart Card များ အတုပြုလုပ်ကြခြင်း ဖြစ်ရာ ယင်းတို့ကို ဥပဒေနှင့်အညီ ထိရောက်သော အရေး ယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ပသို့ အလုပ်သမားစေလွှတ်ရန် တစ်ဖက်နိုင်ငံမှ အလုပ်ခေါ်စာ ရရှိလာပါက ပြည်ပအလုပ်အကိုင် အေဂျင်စီအဖွဲ့ချုပ်သို့ လာရောက် ထောက်ခံစာ ယူရကြောင်း၊ ထို မှတစ်ဆင့်  အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့ တင်ပြရပြီး ယင်းမှ သက်ဆိုင်ရာသို့  အဆင့်ဆင့်ထပ်မံ တင်ပြရသည်။ အလုပ်သမားများကို လည်း သင်တန်းနှစ်ရက်ပေးပြီးမှ Smart Card များ ထုတ်ပေးကာ ယင်းကတ်ရရှိမှသာ ဗီဇာ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။
နောက်ပိုင်းတွင် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့သည်  Smart Card ပြုလုပ် ရာတွင် အချိန်ကြာမြင့်မှု ရှိခြင်းကြောင့် အတုပြုလုပ်လာကြခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ  Smart Card များသည်  မလေးရှား နိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် အလုပ်သမားများအတွက် ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top