ခရစ္စတီယာနိုရော်နယ်ဒိုကို မန်ယူ ပြန်ခေါ်ရင် ပေါင်သန်း (၁၄၀)နီးပါး သုံးရမည်
ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုကို မန်ချက်စတာယူနိုက်တက်အသင်းက ပြန်ခေါ်မယ်ဆိုရင် ပေါင်သန်း (၁၄၀) လောက်အထိ ကုန်ကျမည်။ ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့အတူ ၂၀၀၈ခုနှစ်က ချန်ပီယံလိဂ် ဖလားဆွတ်ခူးပြီးနောက် ရီရဲလ်မက်ဒရစ် အသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
မကြာ သေးခင်က သတင်းတွေမှာ တော့ ရီရဲလ်မက်ဒရစ်ကနေ ရော်နယ်ဒို ထွက်ဖို့ စဉ်းစားနေပြီး သူ့ကို မန်ချက်စတာယူနိုက်တက် အသင်းကလည်း ပြန်ခေါ်ချင် နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပြောင်းရွှေ့ကြေး နဲ့ လစာ အပါအ၀င် စုစုပေါင်း ပေါင်(၁၄၀)အထိ ကုန်ကျမှာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း တာဝန်ရှိသူတွေအတွက် စဉ်းစားစရာ ဖြစ်လာပါတယ်။ လက်ရှိ ရီရဲလ်မက်ဒရစ် အသင်းမှာ ရော်နယ်ဒို ရနေတဲ့ လစာဟာ တစ်နှစ်ယူရို(၂၁)သန်း ရှိပါတယ်။ စတာလင်ပေါင်နဲ့တွက်ရင် တစ်နှစ်ပေါင် (၁၆ . ၄) သန်း၊ တစ်ပတ် (၃ သိန်း၊ ၁သောင်း၊ ၅ထောင်၊ ၃ ရာ၊၈ ဆယ့် ၊ ၄ ) ပေါင်နဲ့ ညီပါတယ်။ ဒါ့အပြင် ရီရဲလ်မက်ဒရစ်ဟာ ရော်နယ်ဒို ပေးရမယ့် ၀င်ငွေခွန်(၅၂) ရာခိုင်နှုန်းကိုလည်း ပေးနေတာကြောင့် တစ်ရာသီအတွင်း ရော်နယ်ဒိုအတွက် ကုန်ကျစရိတ်က စုစုပေါင်း ( ၃၄ .၁)သန်းထိ ရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ရော်နယ်ဒိုကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)နဲ့ ပြန်ခေါ်နိုင် တယ်ဆိုရင်တောင် လစာကိုတော့ အနည်းဆုံး တစ်ပတ် ပေါင်(၃သိန်း၊ ၈သောင်း)လောက်ပေး ရမှာပါ။ အဲဒီနှုန်းအတိုင်း (၄)နှစ်စာချုပ် ချုပ်ရင်တော့ (၄)နှစ်အတွက် လစာ အသုံးစရိတ်က ပေါင်(၇၉)သန်းရှိလာမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ လက်ရှိ လစာအများဆုံး အသင်းခေါင်းဆောင် ၀ိန်းရွန်းနီတောင် တစ်ပတ် ပေါင်(၃)သိန်း ရနေတဲ့အတွက် ရော်နယ်ဒိုအတွက် လစာကို ဒီထက် လျှော့လို့ မရနိုင်ပါဘူး။ ဒါကြောင့် ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)ရယ်၊ (၄)နှစ်အတွက် သုံးရမယ့် လစာ ပေါင်(၇၉)သန်းကို ပေါင်းလိုက်ရင် ရော်နယ်ဒိုကို မန်ချက်စတာ ယူနိုက်တက် အသင်း ပြန်ခေါ်မယ့် အစီအစဉ်က ပေါင်သန်း(၁၄၀)နီးပါးအထိ ရှိနေတာ ဖြစ်ပါတယ်။
No comments:
Post a Comment