ပျောက်ဆုံးတောင်တက် အဖွဲ့ဝင်နှစ်ဦးကို ရှာဖွေသည့် အဖွဲ့သို့ ရိက္ခာပို့ ရဟတ်ယာဉ် အဆက် အသွယ် ပြတ်တောက်
ခါကာဘိုရာဇီတောင်သို့ တက်ရောက်ရင်း ပျောက်ဆုံးနေသော တောင်တက်အဖွဲ့ဝင် နှစ်ဦးကို ရှာဖွေကယ်ဆယ် ရေး ဆောင်ရွက် နေသည့် အဖွဲ့သို့ ရိက္ခာပို့သွားသည့် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ် တစ်စင်းသည် စက်တင်ဘာ ၂၇ ရက်တွင် အဆက် အသွယ်ပြတ် တောက်နေကြောင်း သိရသည်။
၎င်းရဟတ်ယာဉ်မှာ ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ် အမျိုးအစားဖြစ်ပြီး၊ ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက် နေသော အဖွဲ့အခြေစိုက်စခန်းတည်ရာ တဟွန်ဒမ်း ကျေးရွာသို့ သွားရောက် ရိက္ခာပို့ရင်း မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် အဆက် အသွယ်ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။
ရဟတ်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr.Chat Chawal၊ မြန်မာလူမျိုးရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနှင့် ကျွမ်းကျင် တောင်တက်သမား ဦးနမားဂျွန်ဆင်၏ တူဖြစ်သူ ဦးရွှေရင်တော်ကြီးတို့ ပါဝင်လိုက်ပါသွားခဲ့ကြသည်။
အဆိုပါ ရဟတ်ယာဉ်သည် ပူတာအို လေဆိပ်မှ စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် ပျံသန်း ထွက်ခွာသွားပြီး မိနစ် ၂၀ ခန့် အကြာတွင် အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်ပြီး ယခုအချိန်အထိ အဆက်အသွယ် ပြန်လည်မရရှိသေးချေ။
ထူးဖောင်ဒေးရှင်း နာယက ဦးတေဇနှင့် ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်များသည် အဆက်အသွယ် ပြတ်တောက် နေသော ရဟတ်ယာဉ်နှင့် ပြန်လည်အဆက်အသွယ် ရနိုင်စေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
ယင်းသို့ ကယ်ဆယ်ရေး ရဟတ်ယာဉ် အဆက်အသွယ် ပြတ်တောက်နေကြောင်းကို သက်ဆိုင်ရာသို့ ဆက်သွယ် အကြောင်း ကြားထားကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြ ထားပါသည်။
No comments:
Post a Comment