ပြည်ပပို့ကုန် ပစ္စည်းများ ရောင်းဝယ်မည့် ဈေးကြီး တည်ဆောက်မည်
ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်း၌ ပြည်ပပို့ကုန် ပစ္စည်း အရောင်းအဝယ် ပြုလုပ်မည့် ဈေးကြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မ တီဈေးများ ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဈေးကြီးတည်ဆောက် ပြီးစီးပါက ပြည်ပပို့ကုန် သားငါးများအပြင် ဟင်းသီးဟင်းရွက် များကိုပါ ရောင်းချသွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ရန်ကုန်မြို့ရှိ ဟင်းသီးဟင်းရွက်၊ သားငါး ထုတ်လုပ်သူများ၏ လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် အဆင့်မြင့် ကျန်းမာ ရေးနှင့် ညီညွတ်သည့် စားသောက်ကုန်များ ထုတ်လုပ် ရောင်းချနိုင်ရန် ရည်ရွယ်၍ ဈေးသစ်ကြီး တည်ဆောက်ရန် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဈေးကြီးမှ ပြည်ပသို့ တိုက်ရိုက်တင်ပို့ ရောင်းချသွားမည် ဖြစ်ပြီး သားငါးများအတွက် အအေးခန်းများလည်း ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရန်ကုန်မြို့၌ ဟင်းသီး ဟင်းရွက်နှင့် သီးနှံလက်ကား ဈေးကြီးအဖြစ် သီရိမင်္ဂလာဈေး၊ သားငါးလက်ကား ဈေးကြီးအဖြစ် မင်္ဂလာတောင်ညွန့် ကြက်ဘဲဈေး၊ ဗဟိုစံပြ ငါးဈေးကြီးနှင့် ရွှေပိတောက် ငါးဈေးသစ်ကြီး တို့ကို ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိကြောင်း၊ ယခုတညင်းကုန်း၌ တည်ဆောက်မည့် ပြည်ပပို့ကုန် ပစ္စည်များ ရောင်းချမည့် ဈေးသစ်ကြီး တည်ဆောက်ရေး အတွက် ညှိနှိုင်းဆွေးနွေးပွဲ နှစ်ကြိမ်ပြုလုပ်ကာ အတည်ပြုခဲ့ကြောင်း သိရသည်။
၎င်းဈေးသစ်ကြီး တည်ဆောက်ရန်အတွက် တညင်းကုန်း ဘူတာနှင့် တညင်းကုန်းဈေး အနီးရှိ မြေဧက ၅ဝ ကို ရွေးချယ်ထားပြီး နှစ်နှစ်အတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment