Monday, August 18, 2014

မြေနီကုန်း ခုံးကျော် တံတားပေါ်ရှိ လမ်းများတွင် အလိုအလျောက် စနစ်သုံး မီးလင်း စနစ်များ ထည့်သွင်း တည်ဆောက်မည်

ရန်ကုန်မြို့ရှိ ယာဉ်ကြော ကျပ်တည်းမှု အများဆုံး နေရာတစ်ခု ဖြစ်သည့် မြေနီကုန်းတွင် ခုံးကျော်တံတား တည်ဆောက်မည် ဖြစ်ရာ ယင်း ခုံးကျော်တံတားတွင် လျှပ်စစ် ဓာတ်အားကို ချွေတာနိုင်မည့် အလိုအ လျောက်စနစ်သုံး မီးလင်းစနစ်များ ခုံးကျော်တံတား လမ်းတစ်လျှောက် တပ်ဆင်သွားမည် ဖြစ်ကြောင်း မြေနီကုန်း ခုံးကျော်တံတား ဆောက်လုပ်ခွင့်ရ Capital Development လုပ်ငန်းစုမှ တာဝန်ရှိသူ ဦးတင်မောင်ဝင်း၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ ခုံးကျော်တံတား စီမံကိန်းကို လေ့လာ သုတေသန ပြုလုပ်ခဲ့ရာ၌ တံတားပေါ်မှ မော်တော်ယာဉ်များ ဖြတ်သန်းပါက အသံများ ဆူညံနိုင်မှု ရှိ၊ မရှိကို လေ့လာခဲ့ရာ အသံလုံ ကာကွယ်စနစ်များ ထည့်သွင်းရန် မလိုအပ်သည့် အတွက် ထည့်သွင်းမည် မဟုတ်ကြောင်း သိရသည်။ အလိုအလျောက် စနစ်သုံး မီးလင်းစနစ် ထည့်သွင်းမှုတွင် တစ်လမ်းချင်း အလိုက် ထည့်သွင်းသွားမည် ဖြစ်ပြီး ပထမဆုံး မီးပွိုင့် နှစ်ခုကို ဖြတ်ကျော် ရမည့် ခုံးကျော်တံတား တစ်ခုဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် တည်ဆောက်ရေး အတွက် လုပ်ငန်းခွင် လမ်းကြောင်း တစ်လျှောက်ရှိ မြေအောက် ကေဘယ်လ်ကြိုးများ၊ လျှပ်စစ် မီးကြိုးများနှင့် ရေပိုက်လိုင်းများ စသည်တို့ကို Third Part လုပ်ငန်းစု တစ်ခုနှင့် ထပ်မံ စိစစ်မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်ရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ငွေကျပ် ၁၆ ဒသမ ၉ ဘီလီယံကျော် ကုန်ကျမည်ဟု လျာထား သတ်မှတ်ခဲ့သော်လည်း Capital Development အနေဖြင့် ငွေကျပ် ၁၅ ဒသမ ၉၇ ဘီလီယံသာ ကုန်ကျမည်ဟု အဆိုပြုလွှာ တင်သွင်း ခဲ့ကြောင်း၊ ရွှေဂုံတိုင် ခုံးကျော်တံတား ကဲ့သို့ အကွေ့အကောက် မများသည့် အတွက် သွားလာရ လွယ်ကူ လျင်မြန်မှုနှင့် သွားလာသူများ ဘေးကင်း လုံခြုံမှုကို အာမခံချက် ရရှိစေရန် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်း အတွက် ပုဂ္ဂလိက ကုမ္ပဏီ ၁ဝ ခုကို စိစစ် ရွေးချယ် ခဲ့ရာ အစိုးရ သတ်မှတ် ဘတ်ဂျက်ကို အလျော့ဆုံး အနေအထား အထိ လျှော့ချ ပေးနိုင်သော Capital Development လုပ်ငန်းစုမှ လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြေနီကုန်း ခုံးကျော်တံတား၏ အရှည်မှာ ၇၂ဝ မီတာ (ပေ ၂၃၇၆) ရှိပြီး လေးလမ်းသွား တံတားဖြစ်ကြောင်း၊ ရန်ကုန် မြို့တွင်းသို့ သွားမည့် တံတား အတက်မှာ ပြည်လမ်း-မြေနီကုန်းမှတ်တိုင် အနီးတွင် ဖြစ်၍ တံတား အဆင်းမှာ ပြည်သူ့ရင်ပြင် အရှေ့ရှိ မြေနီကုန်း မှတ်တိုင် အနီးတွင် ဖြစ်ကြောင်းနှင့် သြဂုတ် ၁၃ ရက်မှ စတင်၍ ဆောင်ရွက်မည် ဖြစ်ပြီး တည်ဆောက်မှု ကာလ ရှစ်လ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top