Friday, August 1, 2014

ခွဲထွက်ရေးသမားများထံ လေကြောင်းရန် ကာကွယ်ရေးစနစ်များ ရုရှားပေးပို့လျက်ရှိဟု ပင်တဂွန် ပြောကြား

ရုရှားနိုင်ငံသည် ယူကရိန်းရှိခွဲထွက်ရေးသမားများထံသို့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဆက်လက်ပေးပို့ထောက်ပံ့လျက်ရှိကြောင်းပင်တဂွန် စစ်ဌာနချုပ်က ထုတ်ဖော် ပြောကြားခဲ့သည်။ ယူကရိန်း နယ်စပ် တစ်လျှောက်ရှိ ခွဲထွက်ရေး သမားများထံသို့ ဆက်လက် ပေးပို့လျက် ရှိသည့် လေကြောင်းရန် ကာကွယ်ရေး စနစ်သည် မလေးရှား လေကြောင်းလိုင်းမှ MH-17 ခရီးသည်တင်လေယာဉ်အား ပစ်ချခဲ့သည့် ဒုံးကျည် အမျိုးအစားနှင့် ဆင်တူသည်ဟု ယူဆရကြောင်း ပင်တဂွန် စစ်ဌာနချုပ် သတင်း ထုတ်ပြန်ရေးဌာနမှ အတွင်းရေးမှူး ရေတပ်ဗိုလ်ချုပ် ဂျွန်ကာဘီက သတင်းထောက်များကို ပြောကြားခဲ့သည်။
 MH-17 ခရီးသည်တင် လေယာဉ်ကို ပစ်ချခဲ့သည့် ဒုံးကျည်စနစ်မှာ ရုရှားနိုင်ငံလုပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် တစ်ခုဖြစ်ကြောင်း သမ္မတရုံးနှင့် ပင်တဂွန် စစ်ဌာနချုပ်မှ တာဝန်ရှိသူများက ကနဦး စွပ်စွဲ ပြောကြားခဲ့သည်ဟု သိရသည်။ ထို့ပြင် ရုရှားနိုင်ငံမှ တပ်ဖွဲ့ဝင် အရေအတွက် ၁ဝဝဝဝ ဝန်းကျင်ခန့်သည် ယူကရိန်း နယ်စပ် တစ်လျှောက်တွင် စုရုံး ရောက်ရှိနေခဲ့ကြောင်း ကာဘီက ဆက်လက် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံသည် ဘက်စုံသုံးဒုံးပစ်လောင်ချာများ၊  အမြောက်ဆန်များ၊ တင့်ကားများနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်အပါအဝင် အဆင့်မြင့်လက်နက်စနစ်များကို ယူကရိန်းနယ်စပ်တစ်လျှောက်မှ ခွဲထွက်ရေးသမားများထံသို့ ဆက်လက်ပေးပို့လျက် ရှိကြောင်း ကာဘီက အခိုင်အမာပြောကြားခဲ့သည်။

No comments:

Post a Comment

back to top