မြန်မာ အပြည်ပြည် ဆိုင်ရာ အစားအသောက်၊ အဖျော်ယမကာနှင့် မြန်မာဟိုရီကာ ၂ဝ၁၄ ပြပွဲ ကျင်းပ
မြန်မာ အပြည်ပြည်ဆိုင်ရာ အစားအသောက၊် အဖျော်ယမကာနှင့် မြန်မာဟိုရီကာ ၂ဝ၁၄ ပြပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်းနှင့် မြန်မာနိုင်ငံ တို့ရှိ ကုမ္ပဏီများမှ ကုန်အမှတ်တံဆိပ် တစ်ရာခန့်တို့က ၎င်းတို့၏ အစားအသောက်များနှင့် အဖျော်ယမကာ ထုတ်ကုန် ပစ္စည်းများကို ပါဝင်ပြသ ထားရာ ကုန်ပစ္စည်း အများစုမှာ ထိုင်းနိုင်ငံမှ ဖြစ်ကြောင်း သိရသည်။ ယင်းကုန်ပစ္စည်းများတွင် ကုန်ကြမ်းပစ္စည်းများမှ ကုန်ချောအဆင့်ထိ ပစ္စည်းများလည်း ပါဝင်သည်။ ထို့အပြင် အစားအစာဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း၊ အစားအစာနှင့် အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေး အတွက် ကိရိယာ တန်ဆာပစ္စည်းများ၊ ထုတ်လုပ်၊ ဝန်ဆောင်၊ ရောင်းပိုင်ခွင့် လုပ်ငန်းများကို လည်း ပြသထားသည်။
ယင်းကုန်စည်ပြပွဲ ကျင်းပခြင်းဖြင့် မြန်မာ့စားသောက်ကုန် အသက်မွေးဝမ်းကျောင်း လုပ်ငန်းရှင်များ၊ ကုန်ထုတ်လုပ်သူများ၊ သွင်းကုန် လုပ်ငန်းရှင်များ၊ ကုန်ပစ္စည်း ဖြန့်ဝေသူများ၊ လက်လီနှင့်လက်ကား ကုန်ရောင်းသူများ၊ ကုန်တိုက်ကြီးများ၊ စတိုးဆိုင်များနှင့် ဟိုတယ် လုပ်ငန်းရှင်များ၊ ပျော်ပွဲစားရုံနှင့်ဧည့်ခံကျွေးမွေးရေး လုပ်ငန်း တာဝန်ထမ်းဆောင်သော ဝန်ဆောင်မှု ပေးသူများ အနေဖြင့် ပစ္စည်းအမယ်သစ် ရရှိနိုင်မည့် အရင်းအမြစ်ကို ရှာဖွေတွေ့ရှိနိုင်ပြီး ဈေးကွက် သတင်းနှင့် အခြေအနေများ ဖလှယ်နိုင်ကာ ကုန်သွယ်ဖက် လုပ်ငန်းရှင်များလည်း ရှာဖွေနိုင်ကြောင်း သိရသည်။ အဆိုပါပြပွဲကို ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်တိုင်တိုင် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment