တိုက်စစ်မှူးသစ် ရိုဒရီဂွက်ဇ်နဲ့ ရီးရဲလ် ပရိသတ်တွေ မိတ်ဆက်ပွဲ ပြုလုပ်
ရီးရဲလ်မက်ဒရစ် အသင်းဟာ ကစားသမားသစ် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘာနေဗျူးကွင်းမှာ အသင်း ပရိသတ်တွေနဲ့ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားမှာ (၆)ဂိုးသွင်းပြီး ရွှေဖိနပ်ဆုရခဲ့တဲ့ ရိုဒရီဂွက်ဇ်ဟာ ဂျာမနီ ကွင်းလယ်လူ တိုနီခရူးစ်ကို ခေါ်ယူထားပြီးဖြစ်တဲ့ ရီးရဲလ်ရဲ့ ဒီရာသီ ဒုတိယမြောက် ပြင်ဆင်မှုလည်း ဖြစ်ပါတယ်။သတင်းသမားတွေနဲ့ တွေ့ဆုံရာမှာ ရိုဒရီဂွက်ဇ်က ”ပြောစရာစကားလုံးတောင် ရှာရခက်ပါတယ်။ အိပ်မက်မက် နေသလိုပါပဲ။ ဒါပေမယ့် အဆုံးသတ်သွားမှာတော့ မဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ ရီးရဲလ်ဟာ အောင်မြင်မှုတွေ ပြည့်နေမယ့် အသင်းဖြစ်သလို ကျွန်တော်ကလည်း အောင်မြင်မှုကို အလိုရှိနေသူ ဖြစ်လို့ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။ အသက်(၂၃)နှစ်သာ ရှိသေးတဲ့ ကိုလံဘီယာ တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးကို ထုတ်ဖော် မပြောကြပေမယ့် သတင်းတွေရဲ့ အဆိုအရ ယူရိုသန်း (၈၀)၀န်းကျင် ရှိလိမ့်မယ်လို့ သိရပါတယ်။ မီဒီယာတွေနဲ့ တွေ့ဆုံပြီးနောက် ရိုဒရီဂွက်ဇ်ဟာ ဘာနေဗျူးကွင်းထဲမှာ ရီးရဲလ် ပရိသတ်တွေနဲ့ ဆက်လက် တွေ့ဆုံခဲ့ပါတယ်။ မိတ်ဆက်ပွဲကို မက်ဒရစ်မြို့မှာ နေထိုင်တဲ့ ကိုလံဘီယာ ပရိသတ်တွေလည်း လာရောက် အားပေးခဲ့ကြပြီး ရီးရဲလ်အတွက် ရိုဒရီဂွက်ဇ်ရဲ့ သွင်းဂိုးတွေကို စောင့်ကြည့် အားပေးနေမယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ရိုဒရီဂွက်ဇ်ဟာ ၂၀၁၀မှာ ပေါ်တူဂီကလပ် ပေါ်တိုအသင်းနဲ့အတူ ဥရောပကို စတင်ခြေချခွင့်ရခဲ့ပြီး ၂၀၁၃မှာ ပြင်သစ်ကလပ် မိုနာကိုကို ပြောင်းရွှေ့ခဲ့ကာ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင်ခဲ့လို့ ရီးရဲလ်ရဲ့ ခေါ်ယူခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
No comments:
Post a Comment