Thursday, July 24, 2014

ဘရာဇီး အသင်းနည်းပြအဖြစ် ဒွန်ဂါကို တစ်ကျော့ပြန် ခန့်အပ်


အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၂၀၁၄ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီကို ဂိုးပြတ်အရေးနိမ့်ပြီး အရှက်ရခဲ့တဲ့ ဘရာဇီးအသင်းဟာ နည်းပြသစ်အဖြစ် ဂန္ထ၀င်ကစားသမား ဒွန်ဂါကို တစ်ကျော့ပြန် ခန့်အပ်လိုက်ပါတယ်။ အသက်(၅၀)ရှိပြီဖြစ်တဲ့ ဒွန်ဂါဟာ ၁၉၉၄ကမ္ဘာ့ဖလားမှာ အသင်းခေါင်းဆောင်အဖြစ်နဲ့ နိုင်ငံအတွက် (၄)ကြိမ်မြောက် ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ကျရှုံးခဲ့လို့ နုတ်ထွက်သွားတဲ့ နည်းပြစကိုလာရီရဲ့ နေရာမှာ အစားထိုး ခန့်အပ်ခံရတဲ့ ဒွန်ဂါဟာ ဘရာဇီးအသင်းကို ၂၀၁၀ကမ္ဘာ့ဖလားမှာ ကိုင်တွယ်ခွင့်ရခဲ့ပြီး ကွာတားအဆင့်ကနေ ထွက်ခွာခဲ့ရလို့ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဘရာဇီး ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မာရီယာမာရင်ကတော့ ဒွန်ဂါဟာ ဒီရာထူးအတွက် သင့်တော်တဲ့သူ ဖြစ်ကြောင်းနဲ့ အကောင်းဆုံး ဦးဆောင်မှု ပေးနိုင်မယ်လို့ ယုံကြည်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။၂၀၀၆ခုနှစ်မှာ လက်ရွေးစင် နည်းပြအဖြစ် စတင်ခန့်အပ်ခံရတဲ့ ဒွန်ဂါဟာ ၂၀၀၇ကိုပါအမေရိကဖလားနဲ့ ၂၀၀၉ ကွန်ဖက်ဒရေးရှင်းဖလားတို့မှာ ချန်ပီယံဆုတွေ ရယူပေးခဲ့ပေမယ့် ၂၀၁၀ကမ္ဘာ့ဖလားမှာတော့ နယ်သာလန်ကို အရေးနိမ့်ပြီး ကွာတားအဆင့်ကပဲ အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့အပေါ် ဝေဖန်မှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီး ဒွန်ဂါက ”ဒါဟာ ဘောလုံးလောကပါ။ ဘာမဆို ဖြစ်နိုင်ပါတယ်။ ဘရာဇီးပရိသတ်တွေအနေနဲ့လည်း ပြီးခဲ့တဲ့ ရလဒ်ဆိုးတွေကြောင့် စိတ်ပျက်နေမှာကို နားလည်ပါတယ်။ ဒါပေမယ့် အရာအားလုံးဟာ ရပ်တန့်နေမှာ မဟုတ်ပဲ ရှေ့ကိုဆက်သွားရမှာပါ။ အသင်းကို ပြန်လည် တည်ဆောက်ရမှာဖြစ်ပြီး ပရိသတ်တွေ အားပေးမှုနဲ့ တောင့်တင်းတဲ့ အသင်းကောင်းဖြစ်ဖို့ ကြိုးစားသွားရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment

back to top