အနုပညာအလုပ်ကို အရမ်းမြတ်နိုးတော့ စွန့်လွှတ်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့ နန်းဆုရတီစိုး
သရုပ်ဆောင်နန်းဆုရတီစိုးကို သူလျှောက်လှမ်းနေတဲ့ အနုပညာလမ်းကြောင်းပေါ်မှာ သူ့အတွက် လုပ်ပိုင်ခွင့်တွေ၊ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာကတော့ “အဓိကက လုပ်ကွက်ရှိတာကို အခွင့်အရေးရ တယ်လို့ ခေါ်တာပေါ့နော်။
တစ်ချို့ကားတွေမှာ ကျတော့နေရာ ကောင်းလေး ရတာမှန်ပေမယ့်
လုပ်ကွက်မရှိဘူးဆိုတာတွေရှိတယ်။ ကိုယ်အစွမ်းရှိသ လောက်
ထုတ်ပြခွင့်မရခဲ့ဘူး။ အဲဒီလိုမျိုး အခွင့်အရေး မရတာရှိသလို လုပ်ပြခွင့်တော့
ရတယ်။ ဒါပေမယ့် တစ်ကားလုံးကို ခြုံကြည့်ရင် နေရာက သိပ်မကောင်းဘူး။
ဒါမျိုးလေးတွေတော့ ကြုံဖူးပါတယ်။ နေရာလည်းရပြီးအခွင့်အရေးကောင်းလည်း
ရတယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ နန်းဆုတို့ အခုရိုက်နေတဲ့ကားတွေမှာ
တစ်ခါတစ်လေ လုပ်ကွက် ရတဲ့ကားတွေ လည်း ရှိပါတယ်။ နေရာပိုင်းက ကြည့်မယ်ဆိုရင်
၁၀၀ရာခိုင်နှုန်းကောင်း တာမျိုးတွေတော့ မဟုတ်ဘူး။ နေရာ ကောင်းကောင်းရတဲ့
အခါမှာ အိုက်တင်က ပေါ့ပေါ့ပါးပါးပဲ။ ဟဲဗီးကြီး သိပ်မလုပ်ရတဲ့ အခွင့်
အရေးကားမျိုးတွေ ရှိတယ်။
အနုပညာရှင်တော်တော်များများက အဲဒါတွေကို
မျှတပြီးရိုက်ဖြစ် တယ်လို့ ထင်ပါတယ်။ တစ်ယောက်တည်း ကတော့ အမြဲတမ်းချည်း
နေရာရော၊ အခွင့်အရေး တွေရောကောင်းတယ်။ တစ်ကားလုံးမှာ ကိုယ်တစ်ယောက်တည်း
လုပ်ကွက်ရှိတယ်ဆိုတာမျိုးကတော့ သိပ်ပြီး မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ နန်းဆုတို့ရိုက်နေတဲ့ ဇာတ်လမ်းပုံစံတွေ က အများနဲ့
ဖန်တီးတဲ့ကားတွေက ပိုများနေမယ် ထင်ပါတယ်။
နန်းဆုလည်း
ကိုယ်ရိုက်ချင်တဲ့ ဇာတ်ကားလေးတွေ ရှိတယ်။ နောက်ပိုင်းမှာ ကိုယ့်ဘာသာကိုယ်
အကောင်အထည် ဖော်မှာပေါ့နော်။ အခုကတော့ သူများပေးတဲ့ ဇာတ်တွေမှာ ကိုယ်က
ဒီဇာတ်လမ်းကို ဖတ်လိုက်တယ်ဆိုရင် အဓိကထားတာက လုပ်ကွက်ရမလား။
ပရိသတ်အတွက်ဘယ်လောက်ဖန်တီးပေးနိုင်မလဲ။ ကိုယ့်လုပ်ကွက်တွေက
ပရိသတ်ရဲ့မျက်လုံးထဲမှာ ကျန်ရစ်ခဲ့မှာလားဆိုတဲ့ ဇာတ်လမ်းတွေကို
ဦးစားပေးပြီးကြည့်ဖြစ်တယ်ပေါ့။”လို့ သူမက ပြောပါတယ်။
အနုပညာအလုပ်ဟာ ခက်ခဲလွန်းတာကြောင့် စိတ်ညစ်ခဲ့ဖူးတယ်လို့ ဖွင့်ဟလာတဲ့ သူမက
“တစ်ချိန်က အနုပညာအလုပ်နဲ့ ပတ်သက်ပြီး စိတ်အရမ်း ညစ်ခဲ့ဖူးတယ်။
စိတ်နဲ့လုပ်တဲ့ အလုပ်ဆိုတော့ စိတ်ပင်ပန်း တယ်။ စိတ်ဖိစီးမှုတွေများတယ်ပေါ့။ စိတ်ညစ်ရတဲ့အခြေအနေ၊ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့
အချိန်မျိုးတွေမှာဆိုရင်တော့ ဟိုးအရင် ကရှိခဲ့ဖူးတယ်။ တော်ပြီ။
ဆက်မလုပ်ချင်တော့ဘူး။ ဒီလောကကနေ ထွက်လိုက်ချင်တယ်။ အရမ်းအတိုက်အခိုက်လည်း
များတယ်။ မခံနိုင်တော့ဘူးဆိုတဲ့ စိတ်တွေ ခဏခဏဖြစ်ဖူးတယ်။ ငယ်ငယ်တုန်းကငိုလည်း ငိုတယ်။ ဒါပေမယ့် အခု နောက်ပိုင်းမှာတော့
ကိုယ်ဝါသနာပါတဲ့အနုပညာကို လုပ်နေရရင် ပျော်နေတာပဲ။ ကိုယ်လုပ်ခဲ့တဲ့
အလုပ်တစ်ခုကို ဆက်ပြီးတော့ လုပ်ချင်တယ်။ တစ်ဝက်တစ်ပျက်နဲ့ အရှုံးပေးပြီး
ထွက်လိုက်ရတာမျိုး မလုပ်ချင်တော့ဘူး။ အနုပညာကို ကိုယ်ကအရမ်းမြတ်နိုးတော့ စွန့်လွှတ်ဖို့မဖြစ်နိုင်တဲ့အရာလို့ထင်ပါတယ်” တဲ့။
No comments:
Post a Comment