စစ်တပ်တွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းအတွက် တောင်ကိုရီးယား သမ္မတ တောင်းပန်
လူငယ်တပ်ကြပ်ကြီး တစ်ဦးက လုပ်ဖော်ကိုင်ဖက် စစ်မှုထမ်းများကို
ပစ်သတ်ခဲ့သည့် ဖြစ်ရပ်နှင့် ပတ် သက်ပြီး တောင်ကိုရီးယား သမ္မတ ပက်ခ်ဂွမ်ဟီးက တောင်းပန်စကား
ပြောကြားခဲ့သလို စစ်တန်းလျားများတွင် အနိုင်ကျင့် စော်ကားမှုများနှင့် ပတ်သက်၍
တင်းတင်းကျပ်ကျပ် စစ်ဆေးကိုင်တွယ်ရန်လည်း တာဝန်ရှိသူများ အား တောင်းဆိုခဲ့သည်။
အသက်(၂၂)နှစ်သာ ရှိသေးပြီး တောင်ကိုရီးယား၏ စစ်မှုမထမ်းမနေရ
ဥပဒေကြောင့် စစ်တပ်ထဲ ရောက်နေသည့် တပ်ကြပ်ကြီးသည် ဇွန်လ(၂၁)ရက်နေ့က
မြောက်ကိုရီးယားနှင့် နယ်ခြားဒေသအနီးရှိ ကင်းစခန်း တစ်ခုတွင် မိမိ၏
လုပ်ဖော်ကိုင်ဖက် တပ်ဖွဲ့ဝင်များကို သေနတ်ဖြင့် ပစ်ခတ်ရာ (၅)ဦးသေပြီး (၇)ဦး
ဒဏ်ရာရခဲ့သည်။
သတင်းများက လင်မ်ဟုသာ အမည်ဖော်ပြခဲ့သည့် တပ်ကြပ်ကြီးသည်
မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးစားသော်လည်း မအောင်မြင်ဘဲ အဖမ်းခံခဲ့ရသည်။ ၎င်း၏
စိတ်အခြေအနေကို တိတိကျကျ မသိရသေးသော် လည်း တပ်ထဲတွင် ညှင်းပန်းစော်ကားခံရမှုများ
ကြုံခဲ့ရခြင်းက ယခုအကြမ်းဖက်မှု၏ အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်နိုင်ကြောင်း
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်မ်ကွမ်ဂျင်းက မှတ်ချက်ပြုထားသည်။
သမ္မတ ပက်ခ်က “ထိခိုက်သေဆုံးခဲ့ရတဲ့ သူတွေအတွက် အလေးအနက်
ဝမ်းနည်းကြေကွဲ ရကြောင်း ပြော ချင်ပါတယ်။ မလွယ်ကူတဲ့ ခံစားချက်တွေနဲ့
စစ်တပ်ထဲဝင်ပြီး အမှုထမ်းနေရတဲ့ ကိုယ့်ရဲ့ သွေးသားတွေကို ဆုံးရှုံးလိုက်ရတဲ့ မိဘတွေ
အတွက်လည်း စိတ်မကောင်းပါဘူး။ ခုချိန်မှာ စစ်တန်းလျားတွေထဲက မှားယွင်းတဲ့
အစဉ်အလာတွေ၊ လေ့ကျင့်မှုတွေနဲ့ ပတ်သက်ပြီး အနီးကပ် လေ့လာဆန်းစစ်ဖို့ လိုလာပါပြီ”ဟု
ပြောကြားခဲ့သည်။
တောင်ကိုရီးယားတွင် အရွယ်ရောက်ပြီး ကျန်းမာသန်စွမ်းသော
အမျိုးသားတိုင်း (၂)နှစ်ကြာ စစ်မှုထမ်းရန် ဥပဒေ ပြဋ္ဌာန်းထာပြီး စစ်တန်းလျားများတွင်
အနိုင်ကျင့် ဖိနှိပ်မှုများ ခံရလေ့ရှိကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လျက်ရှိသည်။
တောင်ကိုရီးယား စစ်တပ်သည် စစ်ရေးလေ့ကျင့်မှုများနှင့် ပတ်သက်သည့် စံနှုန်းများကို
ပြန်လည်သုံးသပ်ပြီး ဖြေလျှော့ပေးခဲ့သော်လည်း စစ်ဘက်တွင် နေထိုင်မှု ဘဝသည်
အရပ်သားဘဝမှ ရောက်ရှိလာသည့် လူသစ်စစ်သည်များအတွက် အခြေကျရန် အလွန်ရုန်းကန်ရပြီး
အရှက်ကွဲမှု၊ အထီးကျန်မှုများ ကြုံရလေ့ရှိကြောင်း ကျွမ်းကျင်သူများက
မှတ်ချက်ပေးထားသည်။
ယခုဖြစ်ရပ်တွင် လုပ်ဖော်ကိုင်ဖက်များကို ပစ်သတ်ခဲ့သည့်
လင်မ်သည် (၂၀၁၂)ခုနှစ်က စတင်၍ စစ်မှုထမ်းခဲ့ပြီး ၎င်း၏ စစ်မှုထမ်းကာလ ပြည့်မြောက်ရန်မှာ
(၃)လမျှသာ လိုတော့ကြောင်းလည်း သိရှိရသည်။
No comments:
Post a Comment