Tuesday, June 24, 2014


ပြည်ခိုင်ဖြိုးပါတီ အလင်းရောင်ဖောင်ဒေးရှင်း အခမဲ့ မျက်စိခွဲစိတ်မှု လူနာတစ်သောင်းကျော် ကုသပြီးစီး


ပြည်ခိုင်ဖြိုးပါတီ အလင်းရောင်ဖောင်ဒေးရှင်းမှ မျက်စိခွဲစိတ်ကုသမှု လူနာ တစ်သောင်းပြည့် အထိမ်းအမှတ် အခမ်း အနားကို ဇွန်လ (၂၂) ရက်က သမိုင်း လမ်းဆုံရှိဖြိုးစေတနာဆေးခန်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ရန်ကုန်တိုင်းဒေ သကြီး တာဝန်ခံ ဦးမောင်မောင်သိမ်း၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်ခဲ့သည်။




အလင်းရောင်ဖောင်ဒေးရှင်းအနေဖြင့် ၂၀၀၇ ခုနှစ်မှ စတင်ကုသခဲ့ရာ ၂၀၁၄ ခုနှစ်၊ မတ်လအထိ မျက်စိခွဲစိတ်သူ တစ်သောင်းပြည့်ပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရေး ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆူဇီဗုဒ္ဓ ဘာသာဖောင်ဒေးရှင်းနှင့် ပူးပေါင်းဆောင် ရွက်ခြင်းများ ဆောင်ရွက်ကာ နိုင်ငံတကာမှ လာရောက်၍ ကူညီပေးခဲ့ ကြောင်း သိရသည်။
" Mobile Team အဖွဲ့ရှစ်ဖွဲ့ဖွဲ့ပြီး နယ်လှည့်ကျန်းမာရေးလုပ်ပေးတယ်။ အထူး သဖြင့် မျက်စိခွဲစိတ်တာတွေအတွက် လုပ်တယ်။ မြို့တော်ဆေးခန်းအနေနဲ့ လူနာစာရင်းမှာ မျက်စိခွဲစိတ်ပြီးတဲ့လူနာက ပြီးခဲ့တဲ့လအထိ စာရင်းချုပ်တာ ၁၀၃၀၂ ဦးရှိတယ်။ ခြောက်လပိုင်းမှာ ခွဲစိတ်တဲ့လူနာပါပါရင် ဒီထက်မကများမှာ " ဟု ပြည်ခိုင်ဖြိုးပါတီ အထွေထွေ တွင်းရေးမှူး ဦးမောင်မောင်သိမ်းက ပြောသည်။
မြို့တော်ဆေးခန်းတွင် လာရောက်ကုသသူဦးရေမှာ ၁၇ သိန်းကျော်ရှိပြီး နယ်လှည်း ဆေးကုသခဲ့သူ ဦးရေမှာ ၁၆ သိန်း ခန့်ရှိကြောင်း သိရသည်။
"ပြည်ခိုင်ဖြိုးအသင်းဘ၀ကတည်းက လူမှုရေးဆောင်ရွက်ချက်တွေကိုလုပ်ဖို့ အခြေခံပြီးဖြစ် လာ တာပါ။ ပထမကတော့ မြို့နယ်နဲ့ ရပ်ကွက်တွေမှာ ငွေကြေး မတတ်နိုင်သူတွေ၊ ဆေးခန်းမသွား နိုင်သူတွေဟာ နှာစေး၊ ချောင်းဆိုး၊ ခေါင်း ကိုက်၊ ဖျားနာတာတွေအတွက်တောင် ဆေးမကုနိုင်လို့ အသက်အန္တရာယ် ထိခိုက်ရတာတွေရှိတယ်။ အဲဒီလူနာတွေအတွက် ဆေးခန်းလေးတွေ စထောင် ပေးတယ်။ ပြီးမှ ကျွန်တော်ရှာရတဲ့ ရန်ပုံငွေနဲ့ ဆေးခန်းလေးလုပ်ပေးတာဖြစ် တယ်။ အဲဒီကနေ ၄၅ ခုထိ တိုးချဲ့ခဲ့တယ်" ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက ပြောသည်။
အလင်းရောင်ဖောင်ဒေးရှင်းအဖြစ် ပြောင်းလဲလုပ်ကိုင်ပြီးနောက် NGO များနှင့် ပူးပေါင်းကာ တစ်ပတ်အတွင်း လူနာ ၁၀၀ ကျော် ခွဲစိတ်ကြောင်း သိရသည်။
အလင်းရောင်ဖောင်ဒေးရှင်းနဲ့တွဲဖက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး ဖောင်ဒေးရှင်းမှ နည်းပညာအကူအညီများ ပေးလျက်ရှိသည်။
အလင်းရောင်ဖောင်ဒေးရှင်းကို ၂၀၁၀ ပြည့်နှစ် မေလမှစတင်၍ အမှုဆောင် ၁၀ ဦးနှင့် ဖွဲ့စည်းခဲ့ပြီး NGO အဖွဲ့များနှင့် ပူးပေါင်း၍ အတွင်းတိမ်လူနာများအား အခမဲ့ ခွဲစိတ်ကုသပေးရန် ကျန်းမာရေး စောင့်ရှောက်မှုကို ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top