Wednesday, June 18, 2014

မြန်မာကာယ အလှမယ် အေးအေးစိုး Women's Athletic Physique ပြိုင်ပွဲတွင် ပထမဆုရရှိ 

စင်ကာပူနိုင်ငံ NUS Center ၌ ဇွန် ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သော (၁၂) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားတံခွန်စိုက် ပြိုင်ပွဲကြီး၏ Women's Athletic Physique ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သော ကာယအလှ မယ် အေးအေးစိုး သည် ပထမဆုရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ်မှ သိရသည်။
''ရှစ်နိုင်ငံပြိုင်ပွဲမှာ  နိုင်ငံကိုယ်စားပြု ပထမဆု ရရှိခဲ့တာကို အရမ်းဝမ်းသာပီတိ ဖြစ်မိပါတယ်။ ကျင်းပတဲ့   အိမ်ရှင်နိုင်ငံက အရမ်းကောင်းနေတော့ ပထမရဖို့ မမျှော်လင့်ရဲခဲ့ပေမယ့် အကောင်းဆုံး ကြိုးစား နိုင်ခဲ့ ပါတယ်။ သူများနိုင်ငံတွေက တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာတာ ကိုလည်း တွေ့ရပါတယ်။ ယခုပြိုင်ပွဲ မှာ ပထမဆုရခဲ့တာ ယခင်လေ့ကျင့်ခဲ့တဲ့ လေ့ကျင့်ခန်းတွေရဲ့ အကျိုးရလဒ်တစ်ခု ဖြစ်ပါတယ်။ ရှေ့ ဆက်ပြီးတော့လည်း အကောင်းဆုံး ကြိုးစားမှာပါ'' ဟု ပထမဆုရ ကာယအလှမယ် မအေးအေးစိုး က ပြောကြား ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံ အပါအဝင် အိမ်ရှင် စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်းနှင့်ဖိလစ်ပိုင် နိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ခဲ့သော အမျိုးသမီး ၁၆၅ စင်တီမီတာအောက် Women's Athletic Physique ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အေးအေးစိုး မှ ပထမဆုရရှိခဲ့ပြီး စင်ကာပူမှ ဒုတိယ၊ ဗီယက်နမ်မှ တတိယ နှင့် အင်ဒိုနီးရှားမှ  စတုတ္ထဆု ရရှိခဲ့ကြောင်း သိရသည်။ ထပ်မံ၍ ၁၆၅ စင်တီမီတာ အထက် Women's Model Physique ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု နန်းထက်ထက်လင်းက ဒုတိယဆု ရရှိခဲ့ပြီး ထိုင်းနိုင်ငံမှ ပထမ၊ အင်ဒိုနီးရှားမှ တတိယဆု ရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အမျိုးသမီး ၁၆၅ စင်တီမီတာအောက် Women's Model Physique ပြိုင်ပွဲ တွင် မြန်မာ ကိုယ်စားပြု ဟေမာန်နှင်းက အကောင်းဆုံး ငါးဦးတွင် အဆင့်လေး ရရှိခဲ့သည်။ ပြိုင်ပွဲတွင် အသင်းလိုက် တံခွန်စိုက် ပထမဆုအား အိမ်ရှင်စင်ကာပူ နိုင်ငံမှရရှိပြီး ဒုတိယဆု ထိုင်းနိုင်ငံနှင့် တတိယဆု ဗီယက်နမ်နိုင်ငံ တို့မှ အသီးသီးရရှိခဲ့ကြသည်။ (၁၂) ကြိမ်မြောက် အရှေ့တောင် အာရှ ကာယဗလမောင် ဆုကို ထိုင်းနိုင်ငံမှ Vachara Sasrisank ကရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ်မှ  တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။    

 

No comments:

Post a Comment

back to top