၂၀၁၀ကမ္ဘာ့ဖလား ရှုံးကြွေးကို ပြန်ဆပ်နိုင်လို့ အမေရိကန် ပရိသတ်တွေ ပျော်ရွှင်နေ
ဘရာဇီးနိုင်ငံ၊ နေတယ်လ်မြို့က ဒူနက်စ်ကွင်းကြီးမှာ ဂါနာကို အနိုင်ယူနိုင်ခဲ့လို့ ဘရာဇီးလ်ရောက် အမေရိကန် ပရိသတ်တွေသာမက အမေရိကန်နိုင်ငံတွင်းက ပရိသတ်တွေလည်း ပွဲအပြီးမှာ ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြပါတယ်။
အမေရိကန်ဟာ ၂၀၁၀ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ ဂါနာကို အဆာမိုဂျိုင်ယန်ရဲ့ အချိန်ပို သွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ဖူးတဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြိုင်ဘက်ကို အကြိတ်အနယ် ကစားခဲ့ရပေမယ့် အနိုင်ရခဲ့လို့ ပျော်ရွှင်မိကြောင်းနဲ့ ဂါနာကလည်း နည်းစနစ်တကျနဲ့ အကောင်းဆုံး ကစားခဲ့လို့ ပွဲကောင်းတစ်ပွဲ ကြည့်ခဲ့ရကြောင်း အမေရိကန် ပရိသတ်တစ်ဦးက ပြောပါတယ်။ ဂါနာပရိသတ် တစ်ဦးကတော့ ”ဒီနေ့အသင်း ကစားပုံကို အားရပါတယ်။ အကောင်းဆုံး အနေအထားတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် အမေရိကန်လို ပြိုင်ဘက်ကို ကျော်ဖြတ်ဖို့ဆိုတာ မလွယ်ပါဘူး”လို့ ပြောကြားသွားပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားက ဟာမိုဆာ ကမ်းခြေမှာလည်း အမေရိကန် ပရိသတ် ထောင်ပေါင်းများစွာဟာ အမိနိုင်ငံ အသင်းကို အားပေးခဲ့ကြပြီး နောက်ခံလူ ဘရွတ်စ် အနိုင်ဂိုးသွင်းယူအပြီးမှာ ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြပါတယ်။ အမေရိကန်ဟာ လာမယ့် တနင်္ဂနွေမှာ ပေါ်တူဂီနဲ့ ကစားမှာဖြစ်ပြီး နောက်ဆုံး ကမ္ဘာ့ ဖလား(၇)ကြိမ်မှာ ရှုံးထွက်အဆင့်ကို (၄)ကြိမ်မြောက် တက်ရောက်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
No comments:
Post a Comment