ပျူရှေးမြို့ဟောင်းများ ဖြစ်သော ဟန်လင်းမြို့ဟောင်း၊ ဗိဿနိုး မြို့ဟောင်းနှင့် သရေ ခေတ္တရာ မြို့ဟောင်း တို့အား မြန်မာ နိုင်ငံ အတွက် ပထမဆုံး အကြိမ် ကမ္ဘာ့ ယဉ်ကျေးမှု အမွေ အနှစ် စာရင်းဝင် အဖြစ် သတ်မှတ်
မြန်မာနိုင်ငံ ပျူရှေးဟောင်း သုံးမြို့အား
ကမ္ဘာ့အမွေ အနှစ် စာရင်းဝင် အဖြစ် ယနေ့တွင် ကာတာနိုင်ငံ ဒိုဟာ မြို့၌
ကျင်းပသည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ အစည်းအဝေး 38 th
Session of the World Heritage Committee (Doha 2014) က အတည်ပြု သတ်မှတ်
လိုက်ကြောင်း သိရှိ ရသည်။
ဤကမ္ဘာ့ အမွေအနှစ် အဖြစ် သတ်မှတ် ခံရမှုသည်
မြန်မာနိုင်ငံ အတွက် ပထမဆုံး အကြိမ် ကမ္ဘာ့အဆင့် သတ်မှတ် ခံရမှုဖြစ်ပြီး
မြန်မာ့ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားစွာ တည်ရှိမှုကို ကမ္ဘာက လက်ခံပြီး
ထိန်းသိမ်း စောင့်ရှောက်မှုကို ကမ္ဘာ့အဆင့် သတ်မှတ်ချက်များနှင့် အညီ ဆက်လက်
ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရှိရသည်။
မြန်မာ နိုင်ငံအနေဖြင့် ၁၉၉၄ ခုနှစ်
အောက်တိုဘာ ၄ ရက်က ပျူမြို့ဟောင်း သုံးမြို့၊ မြောက်ဦး၊ ပြဒါးလင်းဂူ၊
အင်းလေးကန်၊ မင်းကွန်းဒေသ၊ မန္တလေး၊ အင်းဝ၊ ဟံသာဝတီ စသည့် ရှေးဟောင်းနေရာ
ဒေသ ရှစ်ခုအား အဆိုပြု အမွေအနှစ် အဖြစ် တင်သွင်းခဲ့သည်။
အဆိုပါ အဆိုပြု အမွေအနှစ် ရှစ်ခုအနက်
မြို့ပြ ယဉ်ကျေးမှု အစောဆုံး ထွန်းကားခဲ့ခြင်း၊ ထေရဝါဒဗုဒ္ဓ ဘာသာ အစောဆုံး
ထွန်းကားခဲ့ သည့် ရှေးမြို့ဟောင်း အဖြစ် ထင်ရှားစွာ ကြွင်းကျန်နေခဲ့ခြင်း၊
ပုဂံခေတ် အား လက်ရာမြောက်မှု ယဉ်ကျေးမှု အဆင့်မြင့်မားမှုတို့ ပေါက်
ဖွားလာအောင် မျိုးစေ့ ချပေးခဲ့ခြင်း တို့၏ အကောင်းဆုံး ပြယုဒ်ဖြစ်သော
ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်း သုံးမြို့အားSerial Nomination
အဖြစ် ကမ္ဘာ့အမွေအနှစ် အဖြစ် စာရင်းတင်သွင်းရန် ၂ဝဝ၈ ခုနှစ်မှ စတင်
ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် ဇူလိုင်လတွင် UNESCO World Heritage Center
နှင့်ဆက်သွယ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပျူမြို့ဟောင်း သုံးမြို့သည် လွန်ခဲ့သော
နှစ်ပေါင်း ၂ဝဝဝ ကျော်က စတင်ဖွံ့ဖြိုး ခဲ့သည့် မြန်မာနိုင်ငံ၏ အစောဆုံး
မြို့ပြများ ဖြစ်ခြင်း၊လွန်စွာရှေးကျပြီး ကြံ့ခိုင်မှု အားနည်းနေခြင်း၊
မြေပေါ် အမွေအနှစ် အထောက်အထား ကြွင်းကျန်မှု နည်းပါးနေခြင်း၊
မြန်မာများပင်လျှင် ပျူခေတ် အမွေအနှစ်၏ အရေးပါမှု တန်ဖိုးရှိမှုကို ဂဃနဏသိသူ
နည်းပါးခြင်း တို့ကြောင့် အမြန်ဆုံး ကာကွယ် ထိန်းသိမ်းရန် လိုအပ်နေပြီ
ဖြစ်သည့် ရှေးဟောင်းမြို့များ ဖြစ်ခြင်းတို့ကြောင့် ဦးစားပေး၍
ကမ္ဘာ့အမွေအနှစ် တင်သွင်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်
သတ်မှတ်သင့်မသင့်ကို လာရောက် စစ်ဆေးသော ICOMOS အဖွဲ့သည် သက်ဆိုင်ရာ
နိုင်ငံက တင်သွင်းထားသည့် စာရွက်စာတမ်းများနှင့် ကွင်းဆင်းစစ်ဆေးမှုအပေါ်
အခြေခံ စိစစ်ပြီး (၁) nscribes (ကမ္ဘာ့ အမွေအနှစ် အဖြစ် သတ်မှတ်
သင့်ကြောင်း)၊ (၂) Referrel (သတ်မှတ် စံနှုန်းများနှင့် ကိုက်ညီအောင်
ဆောင်ရွက်ရမည်များ ရှိ၍ တစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက် ပါက
ရှေ့ တစ်နှစ် တွင် သတ်မှတ်သင့်ကြောင်း)၊ (၃) Defers (သတ်မှတ်စံနှုန်းများနှင့်
မကိုက်ညီသေး ၍ နှစ်နှစ် အတွင်း ပြည့်စုံအောင် ဆောင်ရွက်ပြီး ပြန်တင်ပြ
ရန်ဖြစ်ကြောင်း)နှင့် (၄) Not to Inscribes (မသတ် မှတ်သင့်ကြောင်း)
စသည်ဖြင့်သုံးသပ်ချက် လေးမျိုးကို ကျိုးကြောင်း ဖော်ပြ၍ ကမ္ဘာ့ အမွေအနှစ်
ဗဟိုအဖွဲ့သို့ တင်ပြရကြောင်းသိရသည်။
မြန်မာနိုင်ငံ၏ ပျူမြို့ဟောင်း
သုံးမြို့ကို တတိယအဆင့် Defers ဟု သတ်မှတ်ခဲ့ပြီး လိုအပ်ချက်များ
ပြည့် စုံအောင် ဆောင်ရွက်ပြီးနောက် နှစ်နှစ်ကြာမှသာ ကမ္ဘာ့အမွေအနှစ်
စာရင်းဝင် အဖြစ် သတ်မှတ်မည်ဟု ၎င်းတို့က စိစစ် တင်ပြခဲ့သည်။
သို့ဖြစ်၍ ကမ္ဘာ့အမွေအနှစ် ကော်မတီသို့
တင်ပြခဲ့သော Nominational Dossier အားICOMOS စိစစ်ခဲ့ရာ အချို့အားနည်းချက်၊
ယူဆမှု မှားယွင်းမှုများကြောင့် Defers ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သဖြင့်
မြန်မာနိုင်ငံက ကမ္ဘာ့အမွေအနှစ် အဖွဲ့သို့ Pyu Com အနေဖြင့်
ပြန်လည်ရှင်းလင်း တင်ပြခဲ့ခြင်း၊ ကမ္ဘာ့ အမွေ အနှစ် ကော်မတီဝင် ၂၁
နိုင်ငံနှင့်လည်း အပြန်အလှန် ဆွေးနွေး ညှိနှိုင်းခဲ့ခြင်း တို့ကြောင့်
ယခု အစည်း အဝေးတွင် UNESCO ၏ အားပေးမှုနှင့် ကမ္ဘာ့အမွေအနှစ် ကော်မတီဝင် ၂၁
နိုင်ငံ၏ ထောက်ခံမှု များကြောင့် ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် အဖြစ် သတ်မှတ်
အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
UNESCO ၏ ယနေ့ ထုတ်ပြန်ချက်တွင်
''ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာတို့သည် လွန်ခဲ့သောနှစ် ၂ဝဝဝ ကျော်မှ
စတင်၍ အရှေ့တောင်အာရှ ဒေသအတွင်း ဗုဒ္ဓဘာသာ ပျံ့နှံ့ခဲ့သည်ကို သက်သေပြလျက်
ရှိကြောင်း၊ ထို့ပြင် ယင်းမြို့ဟောင်းများသည် စီးပွားရေး၊ လူမှုရေး၊
နိုင်ငံရေး၊ ယဉ်ကျေးမှု ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများကြောင့် ဒေသတွင်း
သက်တမ်း ရှည်သော အဆင့်မြင့် ယဉ်ကျေးမှု မြို့တော် များ ဖြစ်ခဲ့ကြောင်း၊
အဆိုပါခေတ်များ အတွင်း ဆန်းသစ်သော နည်းပညာများ ဖြစ်သည့် အရင်းအမြစ်
စီမံခန့်ခွဲမှု၊ အရည်ဖိအားသုံး အတတ်ပညာ၊ စိုက်ပျိုးရေးပညာ၊ အုတ်ဖုတ်ပညာနှင့်
ပန်းပဲဆိုင်ရာ အတတ် ပညာတို့ဖြင့် တီထွင် ဆန်းသစ်မှုများ
ပြုလုပ်နိုင်ခဲ့ကြောင်း၊ ကောင်းမွန်သော မြို့ပြစီမံကိန်းနှင့် အဆောက် အဦး
ဆောက်လုပ်ခြင်း တို့သည် အရှေ့တောင်အာရှ ဒေသအတွင်း စံပြအဖြစ်
ရပ်တည်နိုင် ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာနသည် အီတလီ
ငွေကြေး ထောက်ပံ့သော စီမံကိန်းတစ်ခုမှ တစ်ဆင့် ယူနက်စကို၏ ထောက်ပံ့ကူညီမှု
ရယူပြီး ယခုကဲ့ သို့ ရှေးဟောင်း အမွေအနှစ် စာရင်း ဝင်အောင်
ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကော်မတီသည် တောင်ကိုရီးယား၊
တရုတ်၊ အိန္ဒိယတို့မှ ရှေးဟောင်း အမွေအနှစ်များ အပြင် ပိုးလမ်းမကြီး၏
အစိတ်အပိုင်း တစ်ခုကိုပါ ရှေးဟောင်း အမွေအနှစ် စာရင်းသို့ ထည့်သွင်း
နိုင်ခဲ့ကြကြောင်းဖြင့်ဖော်ပြထားသည်။
No comments:
Post a Comment