Tuesday, June 24, 2014

အော်ဂဲနစ် စိုက်ပျိုးရေး နည်းစနစ်ဖြင့် နှစ်ရှည် သီးနှံပင်များ စိုက်ပျိုးနိုင်ရန် နည်းပညာနှင့် စိုက်ပျိုးရေး မျိုးစိတ် အကူအညီ ပေးမည် 

ကျေးလက်ဒေသ များတွင် နေထိုင်သော ဒေသခံ တောင်သူများ အနေဖြင့် နှစ်ရှည် စိုက်ပျိုးရေး သီးနှံပင်များကို အော်ဂဲနစ် စိုက်ပျိုးရေး နည်းစနစ်ဖြင့် နှစ်ရှည် စိုက်ပျိုး သွားနိုင်ရန် အတွက် ကနဦး နည်းပညာ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း အော်ဂဲနစ် စိုက်ပျိုးရေး ပညာရှင် ဒေါက်တာ နိုင်နိုင်မော် က ပြောသည်။
ပြည်တွင်းဈေးကွက် အတွင်းတွင်လည်း အော်ဂဲနစ် စိုက်ပျိုးရေး သီးနှံဈေးကွက်များ ပေါ်ပေါက် လာပြီ ဖြစ် သဖြင့် စိုက်ပျိုးသူများ ပိုမိုများပြား လာစေရန်နှင့် စိုက်ပျိုးမှု လုပ်ငန်းများ ပိုမိုတိုးချဲ့ လာစေရန်အတွက် အသိပညာပေးမှုများကို စိုက်ပျိုးသူ တောင်သူများထံသို့ ပို့ချရန် လိုအပ်လျက် ရှိသည်။
အော်ဂဲနစ် စိုက်ပျိုးရေး သီးနှံများမှာ ပြည်ပ နိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံများအတွင်း တွင် ကျယ်စွာ ဖြစ်ထွန်းလျက် ရှိသကဲ့သို့ စားသုံးသူဦးရေ မြင့်တက်လျက် ရှိသော်လည်း   ပြည်တွင်း စားသုံးမှု ဈေးကွက် အတွင်း  စားသုံးသူများ နည်းပါးလျက် ရှိနေကြောင်း သိရသည်။

သဘာဝမြေသြဇာ အသုံးပြု၍ စိုက်ပျိုးသော အော်ဂဲနစ် စိုက်ပျိုးပင်များမှာ ဓာတ်မြေသြဇာ အသုံးပြု၍ စိုက်ပျိုးသော ပုံမှန်စိုက် ပျိုးပင်များထက် စိုက်ပျိုးမှု ကြာမြင့်ချိန် သုံးဆမှငါးဆအထိ ပိုမိုကြာမြင့်တတ်ပြီး အသီး၊ အပွင့်များ၏ ကြီးထွားမှုနှင့် အထွက်နှုန်း မှာလည်း သိသိသာသာ ကွာခြားကြောင်း အော်ဂဲနစ် စိုက်ပျိုးရေး ပညာရှင်များက ပြောသည်။
ကျေးလက်ဒေသများတွင် နှစ်ရှည်စိုက်ပျိုး သီးနှံများဖြစ်သည့် သရက်၊ ပိန္နဲ၊ ဒူးရင်း၊ မာလကာ အစရှိသော သီးပင်များကဲ့သို့ နှစ်ရှည် စိုက်ပျိုးရေး သီးပင်များကို သဘာဝ မြေသြဇာ အသုံးပြု၍   စိုက်ပျိုးခြင်းဖြင့် တောင်သူ များ၏ ဝင်ငွေ တိုးပွားလာပြီး လူနေမှု မြင့်တက်လာမည့် အသိပညာပေးမှု များကို  ပြုလုပ်သွားမည် ဖြစ်သည်။    

 

1 comment:

  1. ကြီးထွားမှုနဲ့အထွက်နှုန်းသိသိသာသာကွာခြားတယ်ဆိုတာကorganic သီးနှံတွေကပိုကြီးတာလား chemical fertilizer သုံးသီးနှံတွေကကြီးထွားနှုန်းပိုမြင့်တာလားသိပါရစေ

    ReplyDelete

back to top