Monday, May 5, 2014

တက္ကသိုလ်ဝင် စာမေးပွဲတွင် အမှတ်အများဆုံး ရရှိသူ ၂ဝ ကို ဂျပန်နိုင်ငံ သို့ လေ့လာရေး ခရီး စေလွှတ်မည်

မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကို ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီး၌ ဝင်ရောက် ဖြေဆိုခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ ထဲမှ အမှတ်အများဆုံး ရရှိသူ ဦးရေ ၂ဝ ကို မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ သီတင်း တစ်ပတ်ကြာ လေ့လာရေးခရီး ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်ကို ဂျပန်သံရုံးမှ ဂျပန်-မြန်မာ ဆက်ဆံရေး နှစ်(၆ဝ)ပြည့် အထိမ်း အမှတ် အဖြစ် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ပြီး လေ့လာရေး ခရီးအတွက် ရွေးချယ် ခံရသော ကျောင်းသား၊ ကျောင်းသူများ၏ စာရင်းကို သက်ဆိုင်ရာမှ ၂ဝ၁၄ ခုနှစ် ဇူလိုင်လခန့်တွင် ထုတ်ပြန် ကြေညာ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး စေလွှတ်ရန် ကျောင်းသား၊ ကျောင်းသူ ၂ဝ အား ရွေးချယ် ရာတွင်  သိပ္ပံဘာသာတွဲမှ အမှတ်အများဆုံးရရှိသူ ၁၅ ဦးနှင့် ဝိဇ္ဇာ ဘာသာတွဲမှ အမှတ် အများဆုံး ရရှိသူ ငါးဦး တို့ကို ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးမှ ရွေးချယ်သွားရန် စီစဉ်ထားပြီး လိုအပ်ပါက လူတွေ့စစ်ဆေး မှုပြုလုပ်ကာ စိစစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ အကြောင်း တစ်စုံတစ်ရာကြောင့် ပဏာမရွေးချယ်ခံ ရသူများထဲမှ လေ့လာရေးခရီးကို မလိုက် ဖြစ်သူများ ရှိပါက ၎င်းအောက် ဒုတိယ အမှတ်အများဆုံး ရရှိသူကို ရွေးချယ်သွား မည် ဖြစ်ကြောင်း ဂျပန်သံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံမှ ပညာရေးစနစ် အဆင့် အတန်း မြင့်မား လာစေရန် ကူညီဆောင် ရွက်ပေးလျက် ရှိသော ဗြိတိသျှနှင့် သြစတြေးလျ စသည့်နိုင်ငံများနည်းတူ ဂျပန်နိုင်ငံမှလည်း အစဉ်တစိုက် ပံ့ပိုး ကူညီဆောင် ရွက် ပေးလျက်ရှိရာတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို ဂျပန်နိုင်ငံသို့ ပညာတော် သင်များ ခေါ်ယူသင်ကြား ပို့ချပေးခြင်း၊ ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရေး အေဂျင်စီ(JICA)ကဲ့သို့သော အဖွဲ့အစည်းများမှ မြန်မာနိုင်ငံ ကကလေးသူငယ် ကျောင်း သား၊ ကျောင်းသူများ အတွက် ပညာရေးပိုင်းဆိုင်ရာ သင်ကြားနည်း စနစ်များနှင့် အကူအညီ အထောက် အပံ့များ စီစဉ်ဆောင်ရွက်ပေးခြင်း စသည်တို့ကို လုပ်ဆောင် ပေးလျက်ရှိ ကြောင်း သိရသည်။

No comments:

Post a Comment

back to top