Monday, May 5, 2014

မေ ၈ ရက်မှ စတင်၍ အဝေးပြေးယာဉ် စီးနင်းသူ ခရီးသည်များ အထူး ခရီးသွား အာမခံထားရှိနိုင်
မြန်မာနိုင်ငံရှိ ခရီးသွား ပြည်သူများ စီးနင်းကြသည့် အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းများတွင် မေ ၈ ရက်မှ စတင်ကာ အထူးခရီးသွား အာမခံကို စတင်ပေးသွင်း သွားရမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက မြန်မာ့အာမခံ လုပ်ငန်းတွင် ယမန်နေ့က ပြော ကြား ခဲ့သည်။
ယင်းခရီးသွား အာမခံကြေးကို မိမိစီးနင်းမည့် ယာဉ်လိုင်း လက်မှတ်ဝယ်ရာတွင် တစ်ပါ တည်း ပေးဆောင် ရမည် ဖြစ်ပြီး အာမခံကြေးမှာ ငွေကျပ် ၃ဝဝ သတ်မှတ်ထားသည်။ အကြောင်း အမျိုးမျိုးကြောင့် ဘေး အန္တရာယ်နှင့် ကြုံတွေ့၍ အသက်သေဆုံးမှု ရှိခဲ့ပါက ယင်းသို့ အာမခံထားရှိမှုမှ တစ်ဦး လျှင် လျော်ကြေးငွေ ငွေကျပ် သိန်းသုံးဆယ်နှင့် သူတစ်ပါး ထိခိုက်မှု အာမခံ ငွေကျပ်ငါးသိန်းနှင့် စုစုပေါင်း ငွေကျပ် ၃၅ သိန်းကိုအာမခံ ဌာနမှ ပေးလျော်သွားမည် ဖြစ်သည်။ တစ်ဦးလျှင် နှစ်ယူနစ် အထိ ပေးသွင်းနိုင်ပြီး နှစ်ယူနစ်အတွက် လျော်ကြေး ငွေကျပ် ၆၅ သိန်းရရှိနိုင်မည် ဖြစ်ကြောင်းသိရသည်။
''ဒီအာမခံကြေးကို မြန်မာ့အာမခံ အပါအဝင် ပုဂ္ဂလိကအာမခံ ၁၁ ခုမှာ ထားရှိပေးသွင်းနိုင်ပြီး နောက်ဆိုရင် ဓာတ်ဆီဆိုင်တို့၊ စားသောက်ဆိုင် တို့မှာလည်း ပေးသွင်းနိုင်မှာပါ။ အဝေးပြေး ကားနဲ့ မလိုက်ဘဲ ကိုယ်ပိုင်ကား၊ Taxi တွေနဲ့ သွားတဲ့သူတွေလည်း အာမခံထားချင် တယ်ဆိုရင် တစ်ဦးကို နှစ်ယူနစ်အထိ ထားယူနိုင် ပါတယ်''ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့အပြင် အဝေးပြေး လမ်းမများတွင် မမျှော်လင့်သော ဘေးအန္တရာယ်များကြောင့် ခရီးသွား ပြည်သူများ မကြာခဏ အသက်သေဆုံးမှုများ ရှိနေသဖြင့် ယင်းအာမခံ စနစ်ကို အကောင် အထည်ဖော်ရခြင်း ဖြစ်ပြီး အဝေးပြေး ယာဉ်လိုင်းများသာမက သာမန်ခရီးသွား ကားများပါ အာမခံ ထားရှိနိုင်အောင် စီစဉ်ပေး သွားမည် ဖြစ်ပြီး မတော်တဆ ထိခိုက်မှုဖြစ်၍ မိမိယာဉ်ပျက်စီး သွားခြင်းကို ပြင်ဆင်ရန်နှင့် မိမိယာဉ်ပေါ်ပါ ခရီးသည် ထိခိုက်ခြင်းကို လျော်ကြေးပေးရန် အလုံးစုံ မော်တော်ယာဉ် အာမခံ ထားခြင်းဖြင့်လည်း အဆိုပါ အာမခံကြေးကို မိုင်တစ်ရာနှင့် အထက် ပြေးဆွဲနေသည့် အဝေးပြေး လိုင်းများအားလုံး သို့ ဆောင် ရွက် ပေးသွားမည် ဖြစ်ပြီး ဘုရားဖူးကား များမှလည်း အာမခံ ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။
အထူးခရီးသွား အာမခံလုပ်ငန်းကို မြန်မာ့အာမခံ လုပ်ငန်းနှင့် ပုဂ္ဂလိကအာမခံ ကုမ္ပဏီများ လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ပြီး လတ်တလောတွင် မြန်မာ့အာမခံ လုပ်ငန်းက ၅ဝ ရာခိုင်နှုန်းဖြင့် ဦးဆောင် ၍ ဆောင်ရွက် သွား မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top